စစ်ကောင်စီတပ်တွေက မြောင်မြို့နယ်အတွင်းက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ နေအိမ်ကို စက်တင်ဘာ ၅ ရက်နေ့က ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ မြောင်မြို့နယ်ဝန်ထမ်းတွေဆီက သိရပါတယ်။
မြောင်မြို့နယ် CDM လုပ်တဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း မြို့နယ်တခုလုံးက CDM ဝန်ထမ်းတွေရဲ့ စစ်ကောင်စီတပ်က အိမ်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“မြောင်မြို့နယ်တခုလုံး ဝန်ထမ်းတွေ အိမ်ကို ရှာဖွေတာတွေ၊ ဖမ်းဆီးတာတွေ အပြင်းအထန်လုပ်တော့တာပါပဲ။ တမြို့နယ်လုံး အတိုင်းအတာအနေနဲ့ဆိုတော့ ဖမ်းဆီးတာ၊ ရှာဖွေတဲ့ဦးရေကတော့ အတိအကျမသိဘူး။ ဒီနေ့မှာတော့ ကျမတို့ မြောင်မြို့ပေါ် တောင်ရပ်ကွက်၊ ဝင်းလှိုင်ဘုရာအနီးက ဆရာမဒေါ်ဇာခြည်လင်း အိမ်ကို ရှာဖွေတယ်။ သူ မရှိလို့ သူ့ရဲ့အဖေနဲ့အစ်ကိုကို ရိုက်နှက်ဖမ်းဆီးပြီး မြောင်ရဲစခန်းကို ခေါ်သွားကြတယ်။ တချို့ဝန်ထမ်းတွေကတော့ နေရပ်ကနေ ထွက်ပြေးနေပြီ” လို့ ပြောပါတယ်။
မြောင်မြို့နယ် CDM လုပ်တဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကိုင်တဲ့ ခေါင်းဆောင် ကိုရဲရင့်အောင်ကို ဩဂုတ် ၃၀ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ သိရပါတယ်။
အခုလို CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတဲ့ စစ်ကောင်စီ နောက်လိုက်သစ္စာဖောက်တွေကို ရတဲ့နည်းလမ်း အသုံးပြုပြီး လက်တုံ့ပြန်သွားမယ်လို့ မြောင်ပြည်သူကာကွယ်ရေးပြောက်ကျားအဖွဲ့နဲ့ နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။