ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ သော့ခတ်ထားတဲ့ အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌရဲ့ နေအိမ်ကို စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ စစ်တပ်နဲ့ရဲက ဖောက်ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်နဲ့ ပစ္စည်းခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အမာခံသတင်းပေး ၁ ဦး သေဆုံးပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ များလာတာကြောင့် တိမ်းရှောင်နေတဲ့ ပိတောက်ပင်ကျေးရွာ အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ဦးယမင်းထွန်းနေအိမ်ကို ညနေ ၆ နာရီကျော်လောက်မှာ သော့ဖျက်ဝင်ရောက်ပြီး ဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေယူသွားတာဖြစ်ပါတယ်။
မျက်မြင်ဒေသခံရွာသားတစ်ဦးက " ကိုယမင်းထွန်းက ရှောင်နေတာ သူ့အိမ်ကသော့ခတ်ထားတယ် အဲ့တာကို စစ်တပ်နဲ့ရဲကရောက်လာပြီး သော့ဖျက်ပြီးဝင်တာ ပြီးတော့ ဆိုင်ကယ်တစ်စီးနဲ့ တခြားပစ္စည်းတွေယူသွားတာတွေ့တယ် ဘယ်ကို ယူသွားလည်းတော့မသိဘူး''လို့ ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်နဲ့ရဲက ညတိုင်းဝင်ရောက် ရှာဖွေတာတွေရှိလာလို့ ဒေသခံတွေဟာ ညတိုင်းပုန်းနေကြရတယ်လို့လည်း ဆိုပါတယ်။
ကန်ကြီးထောင့်မြို့မှာ သြဂုတ်လ ၂၉ ရက်က စစ်တပ်အမာခံသတင်းပေးအမျိုးသား ၁ ဦးအသတ်ခံရပြီးနောက်ပိုင်း လသားအရွယ်ကလေးအပါဝင် ဖမ်းဆီးခံရသူ ၇ ဦးထိရှိလာပြီ ဖြစ်ပါတယ်။