ဧရာဝတီတိုင်း၊ ကျုံမငေးမြို့နယ်မှာ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းက အမျိုးသား ၂ ဦးကို PDF ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကွမ်းသီးချောင်းလေးကျေးရွာမှာနေထိုင်တဲ့ ကိုလှထွန်းနဲ့ ကိုကျော်ဇေယျာတို့ ၂ ဦးကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ခုရက်ထဲ ညပိုင်း ရွာတွေကို ဝင်စစ်တာပိုများလာတယ်။ မနေ့ညကလည်း အဲ့ရွာက တောင်ယာလုပ်တဲ့သူ ၂ ဦး ပါသွားတယ် ကြားတယ်။ ဘယ်သူတွေဆိုတာတော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ကြေးနန်းစာထဲမှာတော့ PDF လို့ စွပ်စွဲဖမ်းဆီးခံရသူ ၂ ဦးကို လက်လုပ်သေနတ်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက PDF လူငယ်တွေ ရှိနိုင်တဲ့နေရာတွေကို စက်တင်လာလဆန်းပိုင်းက စတင်ပြီး အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာလည်း PDF တပ်ဖွဲ့ဝင်တွေ ရှိနိုင်မယ့်နေရာတွေကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လပွတ္တာမြို့မှာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ညစဥ်ဆိုသလို မြို့ပေါ်ရပ်ကွက်တွေကို လိုက်လံပြီး ဧည့်စာရင်းစစ်တာတွေ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်ကာ PDF တွေကို ဖမ်းဆီးနိုင်ဖို့ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီလစကတည်းက ပိုကြမ်းလာတာ အရင်ကဆို စစ်တာရှိတယ်၊ ဒါပေမဲ့ ကြိုသိတယ်။ ခုက ဘာမှ မသိရတာ။ စစ်တာကတော့ လူစာရင်းပေါ့၊ အိမ်မှာရှိတဲ့သူထဲ လူစိမ်းပါလား ပါရင် ဧည့်စာရင်းတိုင်ထားလား အဲ့တာမျိုးတွေပေါ့” လို့ ပြောပါတယ်။
နေအိမ်တွေမှာ လိုက်စစ်ဆေးလို့ လူစိမ်းရှိပြီး ဧည့်စာရင်းမတိုင်ထားပါက ရဲစခန်းမှာ လိုက်ဖြေရှင်းရတာမျိုးရှိပြီး စစ်ဆေးတာတွေ မဖြေနိုင်ပါက ပြန်မလွှတ်ပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့မှာ စက်တင်ဘာ ၁ ရက်နေ့က စတင်ကာ မြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ဧည့်စာရင်းမတိုင်ထားသူတွေထဲက လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။