စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က စက်တင်ဘာ ၂ ရက်နေ့မနက်ပိုင်းကစပြီး နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး ကျေးရွာတွေအတွင်း ဝင်ရောက်ရှာဖွေ ဖျက်ဆီး၊ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ ထောင်နဲ့ချီ နေရပ်စွန်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက “တရွာဝင်တရွာထွက် ရှာဖွေ ဖျက်ဆီးနေကြတယ်ဗျ။ ဘယ်ရွာတွေလဲဆိုတော့ ကံထူးမရွာ၊ ကျောင်းကုန်းရွာ၊ ကြောင်ဆင်းအိုင်ရွာ၊ ရေရှင်ရွာ၊ အင်ရေအိုးရွာ၊ အင်ပင်အိုင်ရွာ၊ ကျေးကန်ရွာ၊ သစ်စေးပင်လှရွာ၊ ကံကလေးကုန်းရွာကလူတွေ ထွက်ပြေးနေရတယ်။ ကိုယ့်အိမ်ကိုယ့်ရွာကို မပြန်ရဲဘူးဗျ။ ဒီကောင်တွေက သူတို့သွားရာလမ်းကြောတစ်လျှောက် လမ်းပြအဖြစ်ဖမ်းဆီးခေါ် ဆောင်သွားတာတွေလည်း ရှိတယ်လေ။ ဒါကြောင့် နေအိမ်တွေ မပြန်ရဲကြတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်ကလည်း ကျေးကန်ကျေးရွာကို ဝင်ရောက်ရှာဖွေဖျက်ဆီးပြီး ပစ္စည်းတွေ ယူသွားကြတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီက တန့်ဆည်ဒေသတွင်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာကြောင့် တောင်သူတွေ ကျီးလန့်စာစား ဖြစ်နေကြပြီး သီးနှံစိုက်ပျိုး ရိတ်သိမ်းတာတွေ မလုပ်နိုင်ဘဲ ပျက်စီးဆုံးရှုံးတာတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။