စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်း မြေဖွေးတောင်အနီး (ကွေ့ချောင်းရွာ အနောက်ဘက်) မှာ စက်တင်ဘာ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ထိမှန်သွားပြီး အကျအဆုံး များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မုံရွာ ယာကြီးလမ်းတစ်လျှောက်ဝန်းကျင် ခြေလျင်ကင်းလှည့်နေစဉ် ညနေ ၅ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာလို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
“မိုင်း ၅ လုံး ပေါက်ကွဲခဲ့တာ။ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်အဖွဲ့က အင်အား ၃၀ ကျော် ၄၀ ဝန်းကျင်ခန့်ရှိပြီး မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်လောက် ထိမှန်သွားတယ်လို့ သိရတယ်။"
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က အကျဆုံးများနိုင်လောက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုင်းပေါက်ကွဲမှုအပြီး စစ်ကောင်စီဘက်က ၆ ဘီးကား ၁ စီး နဲ့ ကားလေး ၁ စီး ရောက်လာပြီး အလောင်းတွေထင်တယ် သယ်သွားကြတာမြင်ရသလို ပေါက်ကွဲမှုအနီးနားက ဆိုင်တစ်ဆိုင်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားတယ်။"
မြေဖွေးတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။