သြဂုတ် ၃၀ ရက်နေ့က နေပြည်တော် PDF ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် လောက်သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF က စက်တင်ဘာလ ၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော် PDF တပ်ရင်း (၈၀၁)၊ တပ်ခွဲ (၄) နဲ့အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပျဥ်မနားမြို့နယ် ဆိတ်ဖူးတောင်နဲ့ လက်ဘက်တောင်ကျေးရွာအကြားမှာ စစ်ကောင်စီယာဥ်တန်းနဲ့ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ည ၇ နာရီလောက်မှာ အင်အားအလုံးရင်းနဲ့တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၁ ယောက်လောက် သေဆုံးခဲ့ပြီး နေပြည်တော် PDF တပ်ရင်းက အထိခိုက်မရှိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော် PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အခုလိုတိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူ့ဘက်ကို ရပ်တည်ပြီးတော့ CDM ပြုလုပ်လိုတဲ့ ပြည်သူစစ်သားတွေကိုလည်း လက်ကမ်းကြိုဆိုပြီးတော့ ထိုက်သင်တဲ့ ဆုကြေးငွေနဲ့ လုံခြုံရေးဆိုင်ရာ အကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။