မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာမှာ စက်တင်ဘာ ၁ ရက်နေ့မနက်အစောပိုင်းက မြို့သာမြို့က နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသား ၄ ဦးအား ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်ခံတစ်ဦးက “လာဖမ်းတာက ၅၀၅ ပုဒ်မအတပ်ခံထားရသူ CDM ကျောင်းဆရာမတွေရှိတယ်ကြားလို့ လာတာဗျ။ CDM လုပ်နေတဲ့ ဆရာမတွေ မမိပဲ ကပ်လွတ်သွားတာ” လို့ ပြောပါတယ်။
အဖမ်းခံသူ ၄ ယောက်ထဲမှာ အခြေအနေအရ မွေးမြေကို ခေတ္တလာရှောင်နေတဲ့ မန္တလေးမြို့ရှိ မြို့နယ်တမြို့နယ်က NLD ပါတီဝင်တစ်ဦးပါ အဖမ်းခံရတာလို့ သိရပါတယ်။
ဖမ်းဆီးသွားသူတွေကို ဘယ်ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။