ပဲခူးတိုင်း၊ တောင်ငူမြို့က တက္ကသိုလ်ကျောင်းသား တယောက် အပါအဝင် ဒေသခံလူငယ် ၃ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်က အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ ဒေသခံတွေထံက သိရပါတယ်။
တောင်ငူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၃ လမ်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ဂိမ်းဆော့နေကြတဲ့ ဒေသခံလူငယ် ကိုမင်းသော်သော် အပါအဝင် ၃ ယောက်ကို အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသခံတဦးက ''ကလေးတွေက ဒီဆိုင်မှာ နေ့တိုင်းလိုလို လက်ဖက်ရည်သောက်နေကြ။ သူတို့က လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ဂိမ်းဆော့နေကြတာ။ အရပ်ဝတ်နဲ့ရဲတွေရောက်လာပြီး ၃ ယောက်လုံးကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာ'' လို့ ပြောပြပါတယ်။
ကိုမင်းသော်သော်ဟာ တောင်ငူတက္ကသိုလ်၊ ပထဝီဝင်ဘာသာရပ်အထူးပြု ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။
ကိုမင်းသော်သော်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တဦးက ''ကလေးက ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ အာရုံကြောလည်း အားနည်းတယ်။ အသက်ကလည်း ၂၀ တောင်မပြည့်သေးဘူး။ ဘာလို့ဖမ်းတယ်ဆိုတာလည်း မသိရသေးဘူး။ သူတို့ကို စစ်ကြောရေးမှာလို့ သိရတယ်။ ဘယ်စစ်ကြောရေးမှာလည်းဆိုတာတော့ စုံစမ်းနေပါတယ်'' လို့ ပြောပြပါတယ်။
လူငယ် ၃ ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ တောင်ငူမြို့မရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ''သိချင်ရင် ရဲစခန်းလာမေးလှည့်'' လို့သာ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။
တောင်ငူမြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်က မြို့နယ် ကြံ့ခိုင်ရေးပါတီနာယကလည်းဖြစ်၊ စစ်ကောင်စီရဲ့သတင်းပေးလည်းဖြစ်သူ ၁ ဦး ပစ်သတ်ခံရပြီး၊ စစ်တပ်ပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ပြည်သူတွေကို သံသယနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွက ပြောပါတယ်။