မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကံပိုင်အုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို သြဂုတ် ၃၁ ရက် မနက် ၁၁ နာရီလောက်က ဝသုန္ဒရကျေးရွာတောင်ဘက် နှောပင်နတ်စင်အနီးမှာ ဓားအထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဟာ မတ္တရာမြို့ကို လစာထုတ်အသွား ဓားနဲ့ထိုးခံရတာဖြစ်ပြီး လည်ပင်းနဲ့ကျောတို့မှာ ဓားဒဏ်ရာအများအပြားနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်မှာ ဩဂုတ် ၂၈ ညပိုင်းကလည်း ကံပိုင်ကျေးရွာက (non CDM) ကျန်းမာရေးမှူး၊ ဒလန်လို့ နာမည်ကြီးနေပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်နေသူ ဦးကျော်သူဦးရဲ့ နေအိမ်အတွင်းမှာလည်း ဗုံးပေါက်ကွဲမှူတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်နဲ့ ဒလန် စုစုပေါင်း ၁၁ ဦးလောက် သတ်ဖြတ်ခံရပြီးပြီလို့ သိရပါတယ်။