မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းက ပျူစောထီးအဖွဲ့ဝင် ၂ ဦးရဲ့နေအိမ်တွေကို သြဂုတ် ၃၀ ရက် ည ၈ နာရီဝန်းကျင်လောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဒီဗွီဘီကို ပြောပါတယ်။
ရေပြာကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးတင်အေးရဲ့နေအိမ်နဲ့ ဝါးရုံပင်အိုင့်ကျေးရွာက ဒလန်ပျူစောထီးအဖွဲ့ဝင် ဦးမြင့်ဇော်ရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက ''ပခုက္ကူမြို့နဲ့ပေါက်မြို့ကြားက ရေပြာကျေးရွာမှာ အရက်ဆိုင်ဖွင့်ထားတဲ့ ပျူစောထီးခေါင်းဆောင် ဦးတင်အေးရဲ့ နေအိမ်ကတော့ ဆိုင်ပါပိတ်ထားပြီး လူမရှိဘူး။ သူတို့မိသားစုပိုင်တဲ့ မော်တော်ယာဉ် ၁ စီးကတော့ ရေတိုင်ကီပွင့်သွားပြီး ကားရှေ့ပိုင်းပျက်စီးသွားတယ်'' လို့ ပြောပါတယ်။
အလားတူ ပေါက်မြို့နယ်ထဲက ဝါးရုံပင်အိုင့်ကျေးရွာက ချဲရောင်းပြီး စီးပွားရှာနေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်ပျူစောထီးအဖွဲ့ဝင် ဦးမြင့်ဇော်ရဲ့ နေအိမ်ကိုလည်း ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပေမယ့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လကတည်းက ရေပြာကျေးရွာက ပြည်သူ ၄ ဦးဟာ စစ်ကောင်စီဒလန်တွေရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ပခုက္ကူအကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံနေရတယ်လို့ ဒေသခံတွေက ပြောတယ်။