ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အခြေစိုက် သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်ကောင်စီတပ်က သြဂုတ် ၂၉ ရက် ညနေပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။
ကိုမျိုးစံစိုးဟာ ကိုဗစ်တတိယလှိုင်းကစတင်ကာ မြို့အတွက် အောက်စီဂျင်ရှာပေးတဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်ပေးနေချိန် ခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုမျိုးစံစိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ခေါ်မေးတဲ့သဘောမျိုးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိ ၁ ဦးကတော့ ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်က ကိုမျိုးစံစိုးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူးလို့လည်း ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုမျိုးစံစိုးရဲ့ ဖုန်းနဲ့ တခြားသတင်းထောက်တွေ။ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုတာတွေကို ခြေရာခံနေပြီး သတင်းအချက်အလက်ရယူ နေတယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း ၅၀ လောက်ရှိပြီး တချို့ပြန်လွတ်လာပေမဲ့ အနည်းဆုံး ၃၀ ကျော်လောက် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရပါတယ်။