မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်းတုံးရပ်ကွက်က အုပ်ချုပ်ရေးတာဝန်ရှိတဲ့ အကွက်မှူး တယောက်ကို ဩဂုတ်လ ၂၉ ရက် မနက် ၁ နာရီမထိုးခင်လောက်က ပစ်သတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
ထွန်းတုံးရပ်ကွက် အကွက်မှူး ဦးဉာဏ်ထွန်းဟာ နေအိမ်မှာ ရှိနေချိန် စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့ ရောက်လာပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ရပ်ကွက်နေသူ ပြည်သူ တစ်ဦးက ပြောပါတယ်။
“လာခေါ်သွားတာ ဖိုးဝှီးနဲ့ ။ သူတို့အိမ် အရှေ့ဘက်နားခပ်လှမ်းလှမ်းရောက်တော့ ပစ်သတ်တာ။ ငါတို့က ဘောလုံးပွဲကြည့်နေတဲ့အချိန် သေနတ်သံ နှစ်ချက်ကြားတာ။ မနက်ရောက်တော့ ခေါင်းကို ပစ်သတ်ခံလိုက်ရတာတဲ့။ အချိန်ကလည်း မိုးချုပ်နေပြီ အဲ့ဒီအချိန်ထွက်တာဆိုလို့ စစ်တပ်ကလူတွေပဲရှိတာ။”။
ဒါ့အပြင် မိသားစုနဲ့ နီးစပ်သူတွေကလည်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးကာ ပစ်သတ်ဖြစ်တယ်လို့ ဆိုကြပါတယ်။
သေဆုံးသူ ထွန်းတုံးရပ်ကွက် အကွက်မှူး ဦးဉာဏ်ထွန်းနဲ့ ပတ်သက်လို့ ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်သွားဖို့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။