စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်နဲ့ ပုလဲမြို့နယ်ကြားတစ်နေရာမှာ သြဂုတ် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF တွေ တိုက်ပွဲအတွင်း စစ်သား ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကြိုပင်ရွာရဲ့အနောက်ဘက်မှာ ကျနော်တို့ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ အဲဒီနောက် တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ကျဆုံးတာကတော့ ကျနော်တို့ အတည်ပြုလို့ရတယ်။ ၇ ဦး ကျဆုံးတယ်ဆိုတာကတော့ ကျနော်တို့ အတည်မပြုနိုင်ဘူး။ အနီးနားမှာရှိတဲ့ တဲ ၃ လုံး မီးရှို့တာကလည်း ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို မီးတင်ရှို့လိုက်ကြတာလို့ သိရတယ်။ ကျနော်တို့ PDF အဖွဲ့ကတော့ ထိခိုက်ဒဏ်ရာရသူကို မရှိခဲ့ဘူး။”
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနောက်တောင်ကြောဘက် တက်သွားပြီး ၅ မိုင်ခန့်ရှိတဲ့ တောရွာလေးမှာ ချက်ပြုတ်စားသောက်ရင်း စခန်းချနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ သေဆုံးဒဏ်ရာရမှု အခြေအနေတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။