တောင်တွင်းကြီးမြို့၊ အုန်းတော ၁ ရပ်ကွက်၊ ပြည်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိမိသားစုဝင်တွေပိုင်ဆိုင်တဲ့ တံခွန်စတိုးမှာ ဒီကနေ့ မနက် ၄ နာရီခွဲဝန်းကျင်လောက်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ဗုံးပေါက်တဲ့အသံက ၂ ခါကြားရတာ။ အစောကြီးဆိုတော့ ဆိုင်ကတော့ မဖွင့်သေးဘူး။ ဆိုင်ရှေ့မှာ ပေါက်တာပေါ့။ မှန်တွေကွဲပြီး အုတ်နံရံတွေ အက်ကုန်တာတော့ တွေ့ခဲ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာ တွေကို ရိုက်နှက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေက ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ရော ဥပုသ်စျေးလမ်းထိပ်၊ ဘူတာလမ်းနဲ့ မြို့မစျေးအနီးက လမ်းသွားလမ်းလာတွေကို ရိုက်ပုတ်ပြီး ဖမ်းခေါ်သွားတာတွေ တွေ့တယ်။ ဘူတာလမ်းက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်နေတဲ့သူတွေကို အသားလွတ်ဖမ်းသွားပြီး ဆိုင်ကယ်တွေလည်း သိမ်းသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်က ဓာတ်တိုင်အချို့မှာ PDF တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ စာတွေလိုက်ကပ်နေတယ်လို့ သိရပါတယ်။