ဗိုလ်မှူးဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ အကြောင်း အမျိုးမျိုးပြ ငွေတောင်းခံနေသူ အမျိုးသား တစ်ယောက်ကို ဩဂုတ် ၂၃ ရက်မှာ ဖမ်းဆီးရမိ ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဩဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသွင်ယူ စောင့်ဆိုင်း နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားမှာ သံလျက်မှော် အနောက် ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူ အသက် ၃၀ နှစ်ရှိ ထက်ဝေဖြိုး(ခ)ကိုထက်ကို ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်တွေအရ ဖေဖော်ဝါရီလလယ်လောက်ကစပြီး တပ်မ(၉၉)မှ ဗိုလ်မှူး ဇော်လင်းထွန်းနာမည်အသုံးပြုကာ မဟာအောင်မြေမြို့နယ်၊ “အောင်မိတ်ဆက်” ဆန်ဆိုင်၊ “ရွှေထိုက်” ဆန်ဆိုင်၊ “ချမ်းချမ်း”ကုန်စုံဆိုင်၊ “ဖိုးလုံး”ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ “ရွှေသီး” ကုန်မာဆိုင်၊ “စိန်ဝင်းဝင်း”လက်ဘက်ရည်ဆိုင်၊ “မိုးမိုးကျော်” သကြားဆိုင်တို့အား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ “တျန်တင်”စတိုးဆိုင်၊ “ငွေလမင်း”ဆန်ဆိုင်နဲ့ “ဂြိုလ်တု”စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့အား လည်းကောင်း အသီးသီးလိမ်လည် ငွေတောင်းခံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အခုနောက်ဆုံးအကြိမ်မှာ ချမ်းအေးသာစံမြို့နယ်ရှိ “ရွှေပြည်မိုး”စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ကို ဩဂုတ် ၂၂ ရက်ညနေပိုင်းက ဖုန်းနဲ့ ဆက်သွယ် ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
ငွေကြေးလိမ်လည်တောင်းခံရာမှာ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ လောက်ရရှိခဲ့ ပြီး ငွေတွေကို လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- DSINFO