ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ် ၃ ယောက် ဩဂုတ် ၂၅ ရက်မနက်က ဘဏ်ရှေ့မှာ ပစ်သတ်ခံရပါတယ်။
မနေ့မနက် ၁၁ နာရီခွဲကျော်လောက်က လက်နက်ကိုင်ထားသူ ၄ ယောက်က လာရောက်ပစ်သတ်သွားတာလို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ဒီနေ့မနက် တီးတိန်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေ တင်းကျပ်ထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
CDF တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ကိုင်ဆောင်ထားတဲ့ လက်နက်ငယ်အချို့နဲ့ ဘဏ်အတွင်းရှိ ငွေတွေကို ပါသွားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဘဏ်မှာ သာမန် ငွေထုတ်သူအသွင်နဲ့ ရောက်ရှိလာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနီး ချဉ်းကပ်ကာ ပစ္စတိုသေနတ်တွေနဲ့ အလစ်အငိုက်အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ကျည်ထိမှန် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် CDF တွေက သေနတ်ပစ်ဖောက် အသံပေး ခြောက်လှန့်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ဘဏ်အတွင်းရှိရုံးလုပ်ငန်းသုံးပစ္စည်းတွေ ရိုက်ခွဲ ဖျက်ဆီးကာ ကွန်ပျူတာနဲ့ CCTV ကို ပစ်ခတ်သွားသလို ငွေကျပ် ၃၈၈ သိန်းကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ငယ်တချို့ကို ယူပြီး ဘဏ်အတွင်းမှ ပြန်ထွက်သွားတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး CDF ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ပြန်လည်တုံပြန်ပြန်ပြောတာမတွေ့ရသေးပါဘူး။
PHOTO_MOI