ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးမှာ သြဂုတ် ၂၅ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ၀န်းကျင်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီ၊ ၃၆ မိနစ်၊ ၁၁ စက္ကန့်မှာ တောင်ကြီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၉၅ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ မြေငလျင်လေ့လာရေးဌာန (TMD) ကလည်း ကနဦး ရရှိတဲ့ ငလျင်အချက်အလက်တွေအပေါ် အခြေခံပြီး ငလျင်ဗဟိုချက်ဧရိယာမှာ ရှိတဲ့လူတွေဟာ ငလျင်ကို ခံစားခဲ့ရမှာဖြစ်ပြီး စင်ပေါ်ကနေ ပစ္စည်းတွေ ပြုတ်ကျတာ၊ ပြတင်းပေါက်တွေ ကွဲတာလောက်က လွဲလို့ တခြားထိခိုက်ပျက်စီးမှုတွေ ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ငလျင်ဗဟိုချက်မှ ၁၁ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ တောင်ကြီးမြို့နဲ့ ၂၁ ကီလိုမီတာအကွာက ညောင်ရွှေမြို့တို့မှာ ငလျင်အနည်းငယ် လှုပ်ခတ်သွားတာကို ခံစားနိုင်မှာဖြစ်ပြီး ငလျင်ဗဟိုချက်မှ ၁၀၇ ကီလိုမီတာအကွာမှာရှိတဲ့ ရမည်းသင်း အပါအဝင် ငလျင်ဗဟိုချက်အနီးရှိ တခြားမြို့တွေမှာလည်း အင်အားအလွန်နည်းတဲ့ ငလျင်လှုပ်ခတ်မှုကို ကြုံရနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။