ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဆဒုံးချောင်းရေ ကြီးလာတာကြောင့် ဆိုင်လော်- ဝူရာယာန် သံဘောင်တံတားဟာ ဩဂုတ် ၂၄ ရက်နေ့က ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတံတားဟာ အရင် ဆိုင်လော်- ဆဒုံး- ဝိုင်းမော် လမ်းပိုင်းမှာ အသုံးပြုတဲ့ အရေးပါတဲ့ တံတားဖြစ်ပြီး တံတားကျိုးသွားလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
“တံတားက ဟောင်းနေပြီ။ ကားသေးလောက်နဲ့ သွားနေတာ။ အသုံးပြုနေဆဲဖြစ်လို့ ဒေသခံတွေ အသွားအလာ ခက်ခဲသွားပြီ”လို့ ဝူရာယာန် ဒေသခံတစ်ဦးက ပြောပါတယ်။
ပျက်သွားတဲ့တံတားကို အခုအချိန်ထိ သက်ဆိုင်ရာက လာရောက် ကြည့်ရှုပြင်ဆင်တာတွေမရှိသေးဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်း ကချင်ပြည်နယ်အနှံ့ မိုးသည်းထန်စွာရွာသွန်းနေသလို ဆဒုံးတောင်ပေါ် အထက်ပိုင်းမှာလည်း မိုးဆက်ရွာသွန်းနေတာကြောင့် ဆဒုံးချောင်းရေလည်း အခုထက်ပိုကြီး လာနိုင်ခြေရှိနေပါတယ်။