မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာမှာကူညီဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဟာ စစ်ကောင်စီကျန်းမာရေး၀န်ကြီးဌာနကို အလိုအလျောက် အောက်ဆီဂျင် ထုတ်ပေးတဲ့စက် Oxygen concentrators အလုံး ၁၄၀ ကို လှူဒါန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကိုတိုက်ဖျက်ရာမှာ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ကုသရေး အစီအမံတွေမှာ အထောက်အကူပြုနိုင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်က ယုံကြည်ကြောင်း ပြောပါတယ်။
ကျန်းမာရေး၀န်ကြီးဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူအသစ် ၂,၅၀၆ ဦး တွေ့ရှိခဲ့ပြီးနောက် စုစုပေါင်း ကူးစက်ခံရသူ ၃၇၈,၃၇၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ၁၄,၆၂၂ အထိမြင့်တက်ခဲ့ပြီး အခုချိန်ထိ ပြန်လည်သက်သာလာသူ ၃၀၅,၈၄၄ ဦး ရှိတယ်လို့လဲ ဆိုပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပြန့်ပွားမှုကိုတားဆီးဖို့ ၀န်ကြီးဌာနဟာ မြို့နယ်ပေါင်း ၁၁၉ ခုကို နေအိမ်မှာနေဖို့ Stay at Home အမိန့်ထုတ်ထားပြီး အင်္ဂါနေ့မှာ နောက်ထပ် ၅ မြို့နယ် ထပ်တိုးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက်ကို မနှစ်က မတ်လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပါတယ်။