စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ်ယူသုံးစွဲသူ မည်သူမဆို တွေ့ရှိပါက စစ်ဆေးမေးမြန်းခြင်းမလုပ်တော့ဘဲ ပစ်သတ်နှိမ်နင်းတော့မယ်လို့ ယင်းမာပင်ခရိုင် ဒေသခံ PDF အဖွဲ့က ပြောပါတယ်။
အခုလို အရေးယူမှုကို သြဂုတ် ၂၄ ရက်နေ့က ဒေသခံ PDF အဖွဲ့တွေရဲ့ အစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး သစ်တောပြုန်းတီးမှုဒဏ် ကာကွယ်တဲ့အနေနဲ့ ထိရောက်မယ့် ဆောင်ရွက်ချက်မျိုး လုပ်ဆောင်ရတာလို့ ဆိုပါတယ်။
သစ်ထုတ်ယူမှု မပြုလုပ်ကြဖို့ ကြေညာချက်တစ်ရပ် ယခင်က ထုတ်ပြန်ခဲ့ပေမယ့် ဆက်လက်ပြီး သစ်ထုတ်ယူတာတွေ ရှိနေတာကြောင့် အခုလို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။
ဒေသခံ PDF အဖွဲ့ဝင်တစ်ယောက်က “သစ်ခိုးထုတ်တဲ့အရေအတွက်က နေ့တိုင်းလိုရှိနေပြီး တစ်ရက်ကို ဆိုင်ကယ် အစီးရေ ၅၀ အထက်ရှိတယ်။ အဲဒီတုန်းကတော့ ဖမ်းမိတဲ့သစ်ကို PDF အဖွဲ့က သိမ်းယူထားလိုက်တာပဲရှိပြီး ဖမ်းမိတဲ့လူနဲ့ တင်ဆောင်တဲ့ယာဥ်ကိုတော့ ပြန်လွှတ်ပေးလိုက်တာဆိုတော့ သစ်ခိုးတဲ့သူတွေက သိပ်မလေးစားကြဘူး။ အဲဒါကြောင့် အခုအခါကျရင် ဖမ်းမိတဲ့ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ပစ်သတ်နှိမ်နင်းတဲ့အထိ ဆောင်ရွက်ဖို့ PDF အဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ပြောပါတယ်။
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ ဧက ၄ သိန်းဝန်းကျင်ခန့်ရှိကာ ခိုးယူထုတ်တဲ့ သစ်အမျိုးစားဟာ အများစုက ပိတောက်သားတွေဖြစ်ပြီး စောင့်ကြပ်တဲ့ သစ်တောဝန်ထမ်းတွေလည်း မရှိတော့တာကြောင့် ဒေသခံ PDF အဖွဲ့တွေက သစ်တောပြုန်းတီးမှုနည်းအောင် ကာကွယ်နေတာလို့လည်း ဆိုပါတယ်။