စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ရဲကင်းစခန်းတခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်က ဩဂုတ် ၂၄ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဝင်တိုက်ခဲ့ရာမှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့(TSG) က ထုတ်ပြန်ပါတယ်။
အဆိုပါ ရဲကင်းစခန်းဟာ တမူးမြို့၊ နဂါးမင်းသမီးရေကန်နားမှာ တပ်စွဲထားတာဖြစ်ပြီး တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁)နဲ့ တပ်ရင်း (၂)တို့ ပူးပေါင်းကာ အလစ်အငိုက် ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူ ၈ ယောက်လောက်ရှိခဲ့ပြီး တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိသူတယောက်မှ မရှိခဲ့ဘူးလို့ ပြောပါတယ်။
တမူးမြို့မှာ ဩဂုတ် ၂၃ ရက် မနေ့ မနက်ပိုင်းကလည်း မြို့ပြင်ရှိ စက်မှုနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေကို တမူးPDFကသွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက် က ၁၇ ဦးလောက် သေသွားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ အကြမ်းဖက်စစ် အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၂၃ ရက်အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။