ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ လူပေါင်း ၉၄ ဦး ဖမ်းဆီးခံထားရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ပုဒ်မ ၅၀၅(က) နဲ့ ၇၉ ဦး၊ ပုဒ်မ ၃၀၂ နဲ့ ၇ ဦး၊ ပုဒ်မ ၁၇/၁ နဲ့ ၄ ဦးနဲ့ ပုဒ်မ ၁၉/စ နဲ့ ၄ ဦးပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးတရားစွဲခံရသူတွေထဲမှာ စစ်သင်တန်းကျောင်းမှ ပြန်လာတယ်ဆိုပြီး ဖမ်းဆီးခံရသူ ၆၈ ဦးရှိကာ သူတို့ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပါတယ်။
ပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးခံရသူ ၇ ဦးကတော့ စစ်သား ၄ ဦးနဲ့ ဒလန်ဆိုသူ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆက်စပ်ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ပစ္စည်း ကားဂိတ်မှာ သွားရောက်ထုတ်ယူခဲ့သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ကို ပုဒ်မ ၅၀၅ (က)၊ စစ်ဘေးရှောင်အတွက် ပစ္စည်းသွားပို့ရင်း ဖမ်းဆီးခံရတဲ့ ဘောလခဲမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုစိုင်းလင်းလင်းဦးအပါအဝင် လူငယ်အမျိုးသမီး ၂ ဦးတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အလားတူ ဖမ်ဆီးခံရသူတွေထဲမှာ စစ်အာဏရှင်အလိုမရှိကြောင်း ဆန္ဒပြသပိတ်မှာ ပါဝင်တဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မစန္ဒာဝင်းကို ပုဒ်မ ၅၀၅ (က)နဲ့ စွဲဆိုထားပြီး အကြောင်းအရင်းမသိဘဲ ဖမ်းဆီးခံရသူ ၄ ဦးရှိနေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ ဆက်စပ်ဖမ်းဆီးခံရမှုမှာ အခုထုတ်ပြန်ထားတဲ့ စာရင်းထက် များပြားနိုင်ပြီး သူတို့တွေရဲ့ ဖမ်းဆီးခံရမှု အချက်အလက်ရရှိဖို့ ကြိုးစားနေကြောင်း PKPF က ထုတ်ပြန်ထားပါတယ်။