စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ဆိတ်သာကန်ကျေးရွာအနီး မုံရွာ - ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၁၀၉ ဝန်းကျင်နေရာမှာ ဩဂုတ် ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကားလမ်းဘေးထောင်ထားတဲ့ မိုင်းတွေ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဆိတ်သာကန် ရွာခံ တစ်ယောက်က "ပေါက်ကွဲအားက ပြင်းတယ်၊ ထိခိုက်ပျက်စီးတာတွေရှိတယ်၊ နောက်ပြီး ပျားရည်ရောင်းတဲ့ လမ်းသွားအမျိုးသမီတစ်ယောက် ဆုံးတယ်လို့ ကြားတယ်။ ကနီမြို့နယ်ဘက်ကနေ ကျနော်တို့ ဘုတလင်နယ်ဘက်ကို ကူးလားတဲ့ စစ်သားတွေ ရောက်လာပြီး မကြာခင်ပေါက်ကွဲတာဗျ။” လို့ ပြောပါတယ်။
အဲဒီမိုင်းတွေကို စစ်ကောင်စီတပ်က ထောင်သွားတာလို့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေက ပြောပေမယ့် ဒီဗွီဘီက အတည်ပြုလို့မရသေးပါဘူး။
ဆိတ်သာကန်ကျေးရွာအနီး မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် စုတ်ပြတ်ပျက်စီးနေတဲ့ ဆိုင်ကယ် ၁ စီး တွေ့ရပြီး မိုင်းပေါက်ကွဲတဲ့အနီး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေဖျက်ဆီးမှာ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။