တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ သြဂုတ် ၂၀ ရက် ညနေ ၅ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲတပ်ဖွဲ့က လိုက်လံဖြိုခွင်း ဖမ်းဆီးခဲ့ပါတယ်။
သပိတ်စုရပ်လုပ်မယ့်နေရာကို စစ်အုပ်စုက ကြိုတင်သတင်းရလို့ ဖြိုခွင်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဦးဆောင်တဲ့ လောင်းလုံးမြို့နယ်က လူငယ်တွေ ပူးပေါင်းတဲ့သပိတ်စစ်ကြောင်းဟာ ဆက်လက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
သပိတ်ဦးဆောင်သူတစ်ဦးက "သပိတ်ကတော့ ထားဝယ်ခရိုင်သပိတ်ကော်မတီကနေဦးဆောင်ပြီး လောင်းလုံးမြို့နယ်ထဲ ထွက်ဖို့လုပ်ထားတာပါ။ အဲဒါကို သတင်းပေါက်သွားလို့ဖြစ်မယ်၊ စုရပ်ကို ကိုယ်တိုင်ရောက်လာကြတာ။ အဲချိန် စုရပ်မှာ ဘယ်သူမှမရှိသေးဘူး အဲဒါနဲ့ နေရာပြောင်းပြီး ပြန်ထွက်ဖို့ လူပြန်စုတာထွက်ဖို့ လုပ်ခါနီး ရဲကားထပ်ရောက်လာတယ်။ အဲဒါနဲ့ သပိတ်စစ်ကြောင်းပါတဲ့သူတွေကို လိုက်ဖမ်းတော့တာ။ ပိတ်ဖမ်းတာ တစ်နာရီလောက်ကြာတယ်။ ပစ္စည်းရော၊ လူရော တစ်ယောက်မှ မပါသွားဘူး။ တစ်နာရီလောက် ပိုက်စိပ်တိုက်လိုက်ရှာတယ်။ ပြေးတဲ့သူကပြေး ပုန်းနေတဲ့သူက ပုန်းနေတာဆိုတော့ တစ်ယောက်မှ မမိလိုက်ဘူး။ အဲဒါနဲ့ သူတို့ပြန်သွားကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်သွားပြီးတဲ့နောက် ဆန္ဒထုတ်ဖော်သူတွေဟာ လူပြန်စုပြီး အဲ့ဒီ့နေရာမှာပဲ သပိတ်ပြန်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၇ ကစပြီး ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဖမ်းဆီးခံရတာ အယောက် ၃၀၀ ကျော်ပြီလို့ သိရပါတယ်။