တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ တောင်ပေါ်တနေရာမှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံကျောင်းသားများသမဂ္ဂက ဇွန် ၁၆ ရက် မနက်ပိုင်းမှာ စာတန်းရှည်ချိတ်ဆွဲပြီး စစ်အာဏာရှင်ကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားလူငယ်တဦးက “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည် ခေတ်ပြောင်းတော်လှန်ရေး အဆုံးသတ်ဆီ - တော်လှန်လောင်းလုံးလို့ ရေးသားထားတဲ့ စာတန်းကို တောင်ထိပ်မှာ ချိတ်ဆွဲထားခဲ့တယ်” လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တောနင်းရှာဖွေမှု ပြုလုပ်နေတဲ့ကြားက အဆိုပါစာတန်းကို ချိတ်ဆွဲခဲ့တာလို့ သိရပါတယ်။
အဆိုပါ ကျောင်းသားလူငယ်က “စစ်အာဏာရှင်လူတစုကို စိန်ခေါ်တဲ့သဘောရယ်၊ မြေပြန့်မှာရော တောင်ပေါ်မှာပါ စစ်အာဏာရှင်ကို တော်လှန်တယ်ဆိုတာ သိဖို့အတွက်ပါ။ ကျနော်တို့နဲ့အတူ စစ်အာဏာရှင်ကို ဆက်လက်သပိတ်မှောက်ထားကြပါစို့။ ဒါမှ ကျနော်တို့ ပြည်သူလူထုတရပ်လုံး အောင်ပွဲဆီရောက်မှာပါ” လို့ တိုက်တွန်းလိုက်ပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် နေ့စဉ်နီးပါး နည်းမျိုးစုံနဲ့ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။