မွန်ပြည်နယ် ရေးမြို့ ရွှေဆံတော် ဘုရားရှေ့မှာ သြဂုတ် ၁၉ ရက်နေ့ ည ၉ နာရီခွဲလောက်က စစ်တပ် နဲ့ ရဲတွေက မသင်္ကာတဲ့သူတွေကို စစ်ဆေးရာမှာ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းသွားပြည်သူတွေကို တားဆီးစစ်ဆေးတာတွေလုပ်ပြီး ဆိုင်ကယ်စီးလာတဲ့ ပြည်သူတစ်ဦး ရပ်တန့်မပေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပေမယ့် တစုံတရာ ထိခိုက်မှုမရှိဘဲ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးတွေမလုပ်ဖို့ ညမထွက်ရ အမိန့်ကို ည ၈ နာရီက မနက် ၄ နာရီအထိ သတ်မှတ်ထားကာ ည ၈ နာရီကျော်ပါက စစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက စစ်ကောင်စီ သတင်းပေး အသတ်ခံရပြီးတဲ့နောက် လုံခြုံရေး ပိုမိုတင်းကျပ်လာသလို ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က အခုရက်ပိုင်းတွေမှာ ပြောက်ကျား စစ်ဆင်ရေး လှုပ်ရှားမယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။