ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသား ၁ တစ်ယောက် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ပါတယ်။
ဖျာပုံမြို့နယ်မှာ ဒလန် လို့ နာမည်ကြီးနေတဲ့ အောင်ကြီး(ခ)မင်းသားကြီးကို ကျွန်းတောလမ်းနဲ့ ၉ လမ်းထောင့်မှာသေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရလို့ နေရာမှာပင် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မင်းသားကြီး ဆိုင်ကယ်စီးလာတာ ကျွန်းတောလမ်းနဲ့ ၉ လမ်းထောင့် အရောက် အနီးကပ်ပစ်သွားတာ နေရာမှာတင် သေဆုံးတယ် "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။