Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့တွင် ရက်ပိုင်းအတွင်း ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးနှိပ်စက်ခံရ
DVB
·
August 19, 2021
235891908_1159681957859146_6401944787668223530_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ သြဂုတ် ၁၆ ရက်မှ  သြဂုတ် ၁၈ ရက်အထိ ဒေသခံပြည်သူ ၁၀ ယောက် ထက်မနည်းဖမ်းဆီးခံရပြီး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ နှိပ်စက်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အဓိကကတော့ PDF တွေနဲ့ အဆက်အသွယ်ရှိလားဆိုတဲ့ မေးခွန်းတွေမေးတယ်။ လက်ကိုနောက်ပြန်ကြိုးတုတ် မှောက်ယားထိုးခိုင်းပြီး ကျောကိုရိုက်တယ်။ ဒူးထောက်ခိုင်းပြီး မေးလိုက်ရိုက်လိုက်ပဲ။ ဆေးလိပ်မီးနဲ့လည်းထိုးတယ်။ ခြေသည်းတွေကြားကို သံချွန်နဲ့ထိုး တယ်ဗျာ။ ခေါင်းကိုသေနတ်နဲ့ထောက်ပြီးတော့လည်း သေရဲလားမေးတယ်။ ခေါင်းတွေကိုလည်း စစ်ဖိနပ်နဲ့လည်းကန်တယ်။ လူကိုရှော့တိုက်တယ်ဗျာ။ နောက်ထပ်လည်းရှိသေးတယ်။ ပြည်သူကို နှိပ်စက်နည်းအစုံနဲ့နှိပ်စက်ကြတာ လူမဆန်ဘူး'' လို့ စစ်ကြောရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မြို့ပေါ်ကလူငယ်တွေကို စစ်ကောင်စီက အခုလိုဖမ်းပြီး ညှဉ်းပန်းနှိပ်စက်နေတာဟာ လူငယ်တွေရဲ့စိတ်ထဲမှာ စစ်တပ်မုန်းစိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး စစ်တပ်ရဲ့ ကျရှုံးမှုမြန်စေတယ် လို့ အငြိမ်းစားစစ်ဗိုလ်တဦးက သုံးသပ်ပြောဆိုပါတယ်။

ဒေသခံတဦးက “တရားပွဲတွေ၊ အလှူတွေ၊ မင်္ဂလာဆောင်တွေနဲ့စည်ကားနေတဲ့ မြို့နယ်ခန်းမကို စစ်ကောင်စီက စစ်ကြောရေးလုပ်လိုက်တော့ နှိပ်စက်ခံရသူတွေရဲ့ အော်သံတွေအပြင် မြို့နယ်ခမ်းမကြီးဟာ သွေးစွန်းခဲ့ရပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံရသူတွေဟာ မိသားစုနဲ့လည်း တွေ့ခွင့်မရသလို ဆေးကုသခွင့်တွေ ဆုံးရှုံးနေပြီး စစ်ကြောရေးကနေ ပြန်လည် လွတ်မြောက်လာသူတွေဟာလည်း နှိပ်စက်တဲ့ဒဏ်တွေကြောင့် လနဲ့ချီ ဆေးကုသရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024