မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ သိမ်ကုန်းကျေးရွာက ဒေသခံပြည်သူ ၄ ဦး ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက် ည ၁၀ နာရီဝမ်းကျင်လောက်က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သိမ်ကုန်းကျေးရွာမှာနေထိုင်ကြတဲ့ ဦးမောင်မြင့်၊ သား ကိုကျော်ထက်လင်း၊ သားမက် ကိုသိန်းကျော် နဲ့ ကိုနိုင်လင်း တို့ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “ညက မိုးတွေရွာနေတဲ့အချိန်မှာ ဖမ်းသွားတာ။ ဘယ်ကိုဖမ်းသွားသလဲ မသိဘူး။ အခုမနက်လည်း စစ်သားတွေ ၃၀ လောက် ရွာထဲမှာ ခြေလျင်ပတ်နေတယ်။ ရွာထဲကလူတွေလည်း အဖမ်းခံရမှာစိုးလို့ လယ်ထဲကိုမသွားရဲဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့ကလည်း သိမ်ကုန်း ကျေးရွာနဲ့ဆက်စပ်နေတဲ့ တောင်လျောင်း(ရွာမ) ကျေးရွာမှာ Mytel တာဝါတိုင်ဖျက်ဆီးတဲ့အထဲပါဝင်တယ်လို့စွပ်စွဲပြီး စစ်ကောင်စီကပစ်ခတ်ခဲ့လို့ ဒေသခံရွာသား ၂ ဦးသေဆုံးပြီး ၄ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
ဒါ့အပြင် အိုးပေါက်ကျေးရွာက ပြည်သူ ၅ ဦး၊ တိုက်ပွဲ ကျေးရွာဘက်ကပြည်သူ ၁၀ ဦးလောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နယ်မြေရှင်းရေးအကြောင်းပြပြီး စက်တင်ဘာ ၁၄ ရက် မနေ့ကတည်းက အင်တာနက်ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်တဲ့ ဒေသခံတဦးက “ဝိုင်ဖိုင်စက်တွေကတော့ မနက်ပိုင်းလောက်ကတည်းက ဖြတ်ခံရတယ်။ ဖုန်းလိုင်းအင်တာနက်တွေတော့ နေ့လယ်ပိုင်း ဖြတ်လိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်သူကို ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့လည်းပြောပါတယ်။
မကွေးတိုင်းမှာ ၂၅ မြို့နယ်ရှိတဲ့အနက် အင်တာနက် ဖြတ်တောက်ခံရတာဟာ တောင်တွင်းကြီးမြို့ တမြို့တည်း ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။