မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ကျောက်ဆည်လေးရွာသား အမျိုးသား ၁ ယောက် ဩဂုတ်လ ၁၇ ရက်က ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကျောက်ဆည်လေးရွာသား ကိုမှတ်ဦး ဖြစ်ပြီး မနေ့ မွန်းလွဲပိုင်းက ကျောက်ဆည်လေးနဲ့ ကင်းရွာကြားမှာ အသတ်ခံရကာ ပွဲချင်းပြီး သေသွားတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။
“သူက သဖန်းကုန်းရွာက အပွင့်ဒလန်လို့ လူသိများတဲ့ ဖိုးခိုင်နဲ့ အဆက်အသွယ်ရှိတယ်။ ဖိုးခိုင်ကတော့ အခု မတ္တရာက စစ် (--) တွေဆီမှာ ထမင်းချက်လုပ်နေတယ်။ မှတ်ဦး သေပြီးနောက်မှာ မတ္တရာက ရဲတွေ အိမ်စီးကားနဲ့ ရောက်လာတယ်။ ကျောက်တံတားရွာက နာရေးကားလည်း ရောက်လာတယ်။”
အခုအချိန်အထိတော့ ကိုမှတ်ဦးကို ဘယ်သူက ဘာကြောင့် ဓားနဲ့ထိုးတယ်ဆိုတာမသိရသေးသလို စုံစမ်းစစ်ဆေးတဲ့ အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။