စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လွှတ်တော်အမတ် ၂ ဦးရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဝင်ရောက်ရှာဖွေပြီး မိသားစုဝင်အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမတ်တွေနဲ့ နီးစပ်သူတဦးက “ကျနော်တို့ ဒီပဲယင်းပြည်သူ့လွှတ်တော်အမတ်နေအိမ်နဲ့ တိုင်းဒေသကြီးအမှတ် ၁ နေအိမ်ကို စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဝင်ရှာခံလိုက်ရတယ်ဗျ။ ပြည်သူ့လွှတ်တော်အမတ် ဦးနီခေါ် ဦးဝင်းမြင့်အောင်ရဲ့ မိန်းမနဲ့သားတစ်ယောက် အဖမ်းခံလိုက်ရတယ်။ အမတ်ကို မတွေ့လို့ ဖမ်းတာလို့ပြောတာပဲဗျ။” လို့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်နှင်းခိုင်စိုးရဲ့ အဖေနဲ့အမေကတော့ ကိုဗစ်ဖြစ်နေပြီး အောက်ဆီဂျင် ပေးထားရတာကြောင့် ဖမ်းမသွားဘဲ နေအိမ်အတွင်း ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဒီပဲယင်းအမတ်တွေရဲ့ နေအိမ်ကို ရှာဖွေတာ ဒီတစ်ကြိမ်နဲဆို ၄ ကြိမ်ရှိပြီဖြစ်ပြီး အမတ်တွေကတော့ ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကား မိုင်ခွဲတိုက်ခံခဲ့ရပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတိုင်လိုလိုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖျက်ဆီးကာ နေအိမ်တွေပါ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။