စစ်အာဏာသိမ်းပြီး ၆ လအကြာမှာ မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံစာရင်းကို ဝင်ရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က သတ်မှတ်လိုက်ပါတယ်။
ITUC ရဲ့ ၂၀၂၁ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားအခွင့်အရေး အညွန်းကိန်းမှာ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ မြေပြင်မှာ ဆိုးရွားတဲ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းတာ ကာလရှည်ကြာနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလုပ်အသမားအခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS - TUsF) လက်ထောက်အတွင်းရေးမှူး-၁ ဦးနေလင်းအောင်က ပြောပါတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် အလုပ်သမားတွေဘက်က ကူညီရပ်တည်ပေးမယ့်သူတွေ မရှိဖြစ်နေ ပါတယ်။
သက်ဆိုင်ရာအလုပ်သမားရေးရာဌာနတွေကလည်း ပြဿနာတွေကို ထိထိရောက်ရောက်ကိုင်တွယ် မဖြေရှင်းနိုင်တော့တဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးကျပ်တည်းနေတဲ့ လုပ်သားတွေဟာ ဖြစ်လာသမျှကို ခေါင်းငုံ့ခံရတယ်လို့ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးကော်မတီ ခုံသမာဓိအဖွဲ့ဝင်ဟောင်း ဦးရဲကျော်သူကပြောပါတယ်။
စစ်အာဏာသိမ်းဂယက်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ စက်ရုံတချို့ပိတ်သိမ်းသွားတာ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်မဝင်လာတော့တာတွေက အလုပ်အကိုင်ရှားပါးမှုဖြစ်စေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ ဘဏ်တွေဆီက ငွေသားလည်ပတ်စီးဆင်းမှု မကောင်းတော့တာကြောင့် စီးပွားရေးလုပ်ငန်းတွေဟာလည်း နှောင့်နှေးရပ်ဆိုင်းကုန်ပါတယ်။
အလုပ်သမားရေးရာစစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၆ လအတွင်း အလုပ်အကိုင် ဆုံးရှုံးသူ လူဦးရေ ၅ သိန်းထက်မနည်းရှိနေပြီး အလုပ်ရဖို့ စောင့်ဆိုင်းနေသူ သန်းနဲ့ချီရှိနေတယ်လို့ ဆိုပါတယ်။
ဒီပြဿနာတွေဟာ စစ်ကောင်စီရဲ့အာဏာသိမ်းပြီးနောက်ပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့်ဖြစ်ခဲ့တာဖြစ်ပြီး ဒီမိုကရေစီအစိုးရ အာဏာပြန်ရမှသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ အလုပ်သမားရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။