Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် ပန်လင်ရွာ စစ်ရှောင်များ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
August 17, 2021
228640736_503676850680313_76872431918563704_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လင်ရွာမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ အရေးပေါ်ဆေးဝါးနဲ့ အစားအသောက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့ ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်ကစ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ပန်လင်ရွာခံတစ်ဦးက ပြောပါတယ်။

"ပန်လင်နဲ့ ကျောက်မဲက ၂၃ မိုင်လောက်ဝေးတယ်။ တိုက်ပွဲက ၅ နာရီ ဝန်းကျင်ကတည်းက။ အခု လှိုင်ဂူထဲမှာ နေနေရတာ။ မြေအောက်ခန်းမှာလေ။ အေး ကတုတ်ကျင်းပြောတာ။ ရွာထိပ် ဖြစ်နေပြီ။ မိုင်းနင်းမိတဲ့ သူတွေက မြို့ထဲ မရောက်နိုင်သေးဘူး။ ပိတ်နေတာလေ။ ကျနော်ပဲ ကြည့်နေရတာ။" 

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က မိုင်းနင်းမိခံထားရတဲ့သူ ၂ ယောက်ကို ဆေးရုံမပို့နိုင်သေးခင် တိုက်ပွဲထပ်ဖြစ်တာကြောင့် ဆေးဝါးနဲ့ ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

"မိုင်းနင်းမိတာ ၈ လပိုင်း ၁၃ ရက်နေ့က ၂ ယောက်။ စားစရာလည်းမရှိ။ သူတို့က ဆေးရုံ မသွားရသေးဘူး။ လမ်း​တော့ပိတ်ထားတယ်။ အခု အဓိက လိုအပ်တာတော့ ဆေးဝါးနဲ့စားစရာတွေပါ။" 

ပန်ကွမ်ရွာ၊ ရွာဟောင်းရွာ၊ ပန်ဖြတ်ရွာတို့မှာလည်း နှစ်ဖက် တပ်တွေအကြား ဩဂုတ်လ ၁၁ ရက်နေ့ကစ တိုက်ပွဲပြင်းထန်လာတာကြောင့် လက်ရှိ ကျောက်မဲမြို့ပေါ်မှာ ယာယီ တိုက်ပွဲရှောင်လာသူ ၁၁၉ ဦး၊ မြို့ပြင်ဘက်နဲ့ အခြားရွာတွေမှာ ၂၃၀ ဦး စုစုပေါင်း ၄၂၉ ဦး ရှိတယ်လို့ သိရပါတယ်။

ဇွန်လဆန်းပိုင်းတုန်းကလည်း တိုက်ပွဲကြောင့် ဒေသခံတွေ ကျောက်မဲမြို့ထဲမှာ ၂၆၂ ဦးနဲ့ မိုင်းငေါ့မှာ ၄၇၀ ဦး စုစုပေါင်း ၇၃၂ ဦး ယာယီ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024