တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၂ ရပ်ကွက်၊ နယ်ခြားလမ်း နေအိမ်မှာ သားဖြစ်သူကို ရှာမတွေ့လို့ မိဘ၊ ညီမ ၂ ယောက်နဲ့ ညီဖြစ်သူကို စစ်ကောင်စီတပ်တွေက သြဂုတ် ၁၆ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်တွေ ကားတွေနဲ့ ရပ်ကွက်ထဲ ရောက်လာပြီး သေနတ် ၂ ချက်ဖောက်တယ်။ ရပ်ကွက်ထဲကလူတွေ တယောက်မှ ထွက်မကြည့်နဲ့၊ ထွက်ကြည့်တဲ့လူကို အသေပစ်သတ်မယ်လို့ အော်ပြောတယ်။ အိမ်ထဲမှာ ရှာနေတာလည်း အကြာကြီးပဲ။ နောက်ပြီး ကိုသန်းထွန်းတို့ မိသားစုကို ဖမ်းသွားတာပဲ။ ဘယ်ကိုဖမ်းသွားလည်း မသိရဘူး” လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးသန်းထွန်း နေအိမ်ကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့အိမ်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၆ ရက်နေ့က ပထမအကြိမ် ဝင်ရှာတုန်းကလည်း အိမ်ထဲကပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ရွှေထည်တွေနဲ့ ငွေ ၉ သိန်းကျော်ပါသွားတယ်။ အဲဒီနောက်မှာကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်။ ဘာကြောင့်ရှာမှန်း မသိဘူး။ ခဏခဏ လာရှာနေတာ။”
စစ်ကောင်စီတပ်က လာရောက်ရှာဖွေတဲ့ ဦးသန်းထွန်းရဲ့ သားဖြစ်သူဟာ တရုတ်နိုင်ငံဘက်မှာ အလုပ်သွားလုပ်နေတာလို့ မြို့ခံတဦးက ပြောပါတယ်။
“အဲဒီကောင်လေးက တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်နေတာကြာပေါ့။ ဟိုမှာလည်း ကိုဗစ်ကြောင့် ပြန်လာလို့မရဘူး ဖြစ်နေတယ်တဲ့။ တို့မြို့က စစ်ကောင်စီကလည်း ဗုံးပေါက်တယ် အသံကြားရင် သူတို့ထင်တဲ့သူတွေရဲ့အိမ်တွေကို ရမ်းသမ်းပြီး သွားရှာဖမ်းကြတာ။ အနာနဲ့ ဆေး တခြားစီပဲ။”
တောင်တွင်းကြီးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်နေပြီး ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေဟာလည်း ၁၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။