မန္တလေးမြို့မှာ သြဂုတ် ၁၅ ရက်က သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာ ၁၅ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။
မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ၆ ဦး၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ ခုတင် ၅၀၀ အရိုးဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အလုပ်သမားဆေးရုံမှ ကိုဗစ်သံယယလူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၁ ဦး နဲ့ သံသယရှိသူ ၄ ဦး သေဆုံးခဲ့ရာ မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန် နှင့် တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။
သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။
မန္တလေးမြို့မှာ သြဂုတ် ၁ ရက်မှ ၁၄ ရက်နေ့ထိ ကိုဗစ်လူနာနဲ့ သံသယရှိသူ ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။
ဇူလိုင်လတစ်လအတွင်း တစ်ရက်လျှင် ကိုဗစ်လူနာ အယောက် ၈၀ ကျော် သေဆုံးမှု ရှိခဲ့ပြီး ကိုဗစ်လူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။