မကွေးတိုင်း၊ မြို့သစ်မြို့ပေါ်က မြို့နယ်လျှပ်စစ်မာန်နေဂျာရုံးနဲ့ မြို့သစ်-နတ်မောက်ကားလမ်းပေါ်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွေမှာ သြဂုတ် ၁၅ ရက်နေ့ည ၈ ခွဲဝန်းကျင်က ရှေ့ဆင့်နောက်ဆင့်ဗုံးပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုသူဒေသခံတစ်ဦးက “အသံကြီးကြားလိုက်လို့ အိမ်ရှေ့ထွက်ကြည့်တော့ မီးခိုးတွေမြင်ရတယ်။ ဗုံးပေါက်တာဆိုတော့ ကြောက်လို့အိမ်ထဲပြန်ဝင်နေတာ။ အနည်းဆုံး အဆောက်အဦတော့ ထိခိုက်ပျက်စီးနိုင်တယ်” လို့ ပြောပါတယ်။
မြို့သစ်မြို့က မြို့သစ်လျှပ်စစ်မန်နေဂျာရုံးနဲ့ ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက်ကွဲတာဟာ ပြည်သူတွေဆီက မီတာခတွေကောက်ခံနေတာကို ရပ်တန့်ဖို့အတွက် ကနဦးဗုံးခွဲတိုက်ခိုက်တာလို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုဆီကနေ မီတာခတွေကို အတင်းအကြပ် ဆက်လက်ကောက်ခံနေပါက ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမည်မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အခုဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုတွေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။