ရန်ကုန်-အင်းစိန် ပြေးဆွဲနေတဲ့ မြို့ပတ်ရထားပေါ်မှာ ဒီနေ့ညနေ ၅ နာရီ ဝန်းကျင်လောက်က ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်နဲ့ ပစ်ခံထားရပြီး ၄ ဦးသေဆုံးကာ ၂ ဦးကို တပ်ဆေးရုံပို့ထားရတယ်လို့ သတင်းရရှိပါတယ်။
အပစ်ခံခဲ့ရတဲ့အထဲမှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ သေဆုံးခဲ့ပြီး တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့ တပ်ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ကြည့်မြင်တိုင်ကနေ အလုံဘူတာအထွက်မှာ ဖြစ်တာ။ ရဲအဖွဲ့ ၆ယောက်ကို ပစ်တာ။ ၄ ယောက်သေတယ်။ ကျန် ၂ ယောက် စစ်ဆေးရုံခေါ်သွားတာ။ အဲ့မှာ သေတော့ စစ်သားတွေ ရောက်လာပြီး ခေါ်သွားတာပဲ” လို့ ပြောပါတယ်။
ရဲ ၆ ဦးဟာ အလုံမြို့နယ် ဟုန်းလမ်း ဘူတာအထွက် ရထားပေါ်မှာပဲ အပစ်ခံခဲ့ရတာလို့ သိရပြီး သေနတ် ၄ လက်ပါသွားခဲ့ကြောင်း သိရပါတယ်။
တပ်ဆေးရုံကို ပို့ထားသူ ၂ ဦးမှာလည်း ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၆ ဦးအား ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။