ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခလရ ၅၈ အနီးရှိ ကျေးရွာနေ ပြည်သူတွေကို နေအိမ်တွေကနေ တိမ်းရှောင်နေထိုင်ကြဖို့ သြဂုတ် ၁၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ကျေးရွာအတွင်း မနေထိုင်ကြဖို့နဲ့ ပြောင်းရွှေ့ကြဖို့ စစ်ကားနဲ့ လိုက်လံကြေညာနေတာကြောင့် ဒေသခံတွေ နီးစပ်ရာမြို့တွေနဲ့ ဆွေမျိုးတော်စပ်သူတွေဆီ တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မဒိန် ခကွမ်၊ တန်ဘောင်က ပြည်သူတွေကို အပြီးရှောင်တိမ်းဖို့ ပြောတယ်။ ခုရွာကလူတွေ အားလုံး မြို့ဘက်၊ တချို့ကျတော့ ကိုယ့်ဆွေမျိုးတွေရှိတဲ့ ရွာဘက်ကို ပြောင်းနေကြပြီ။”
လက်ရှိ ၅၈ တပ်ရင်းနဲ့ အနီးဆုံးကျေးရွာတွေဖြစ်တဲ့ မဒိန်ကျေးရွာ၊ လဘန် နဲ့ တန်ဘောင် ရွာတွေတွေကို ဩဂုတ် ၂၁ ရက်နေ့အထိ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခြင်းမပြုဖို့ လိုက်လံ သတိပေးကြေညာနေတာပါ။
ဒီနေ့ နေ့လယ် ၁ နာရီ ၀န်းကျင်လောက်မှာလည်း ခလရ ၅၈ ကနေ လက်နက်ကြီးနဲ့ လေးငါးချက်ပစ်ခတ်တာကြောင့် ရွာခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကစပြီး စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ညစဉ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြရတာပါ။
ဇူလိုင် ၂၉ ရက်ညမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က မဒိန်ကျေးရွာအခြေစိုက် ခလရ ၅၈ တပ်ကို ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။