စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ် ၁၃ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီ တပ်တွေနဲ့ ကလေး PDF တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မီးသတ်ကားတစီး မိုင်းထိသွားတယ်လို့ သိရပါတယ်။
ကလေး- ဂန့်ဂေါလမ်းမှာ ကလေး PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို ရောက်လာတဲ့ မီးသတ်ကားတစ်စီး မိုင်းထိသွားခဲ့တာလို့ ကလေး PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ကလေး PDF တွေနဲ့ စစ်ကောင်တပ်တွေတိုက်ပွဲဖြစ်တယ်။သူတို့ဘက်က အင်အားများလာတဲ့အတွက် ကျနော်တို့ဘက်က ပြန်ဆုတ်ပြီး တံတားမှာ ကားတာယာတွေ မီးရှို့ခဲ့တယ်။ မီးသတ်ကားက ရောက်လာခဲ့တယ်၊ မီးသတ်ကားကို မလာဖို့ အသိပေးတာတွေ လုပ်ခဲ့တယ်” လို့ ပြောပါတယ်။
အသိပေးတာတွေ လုပ်ခဲ့ပေမဲ့ မီးသတ်ကားက ရှေ့တိုးလာအတွက် ထောင်ထားတဲ့ မိုင်းမိပြီး ကားပေါ်မှာပါလာသူ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၁၂ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ PDF ဘက်က ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။