ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနဲ့ ရုံးတောကျေးရွာတွေကို စစ်တပ်က အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ ထော်လာဂျီတွေကိုယူဆောင်သွားကာ ကျေးရွာသား ၂ ယောက် ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အိမ်ခြေ ၂၀၀ ခန့်သာရှိတဲ့ ညောင်ကိုင်းကျေးရွာထဲကို ဩဂုတ် ၁၂ ရက် ညဦးပိုင်းက ရဲကား တစ်စီးနဲ့ စစ်ကားတစ်စီးဝင်လာပြီး သေနတ်ပစ်ဖောက်ခဲ့ကာ ထွက်ပြေးတဲ့ ဒေသခံရွာသားတွေ အားလုံးကို လိုက်လံပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် ရွာသားတွေ ပစ်ထားခဲ့တဲ့ဆိုင်ကယ် နှစ်စီးနဲ့ ထော်လာဂျီ နှစ်စီးကိုလည်း စစ်ကောင်စီတပ်တွေက ယူသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့ည ၇ နာရီလောက်ကစပြီး ရွာကိုဝင်တယ်၊ ဝင်ဝင်ခြင်း သေနတ်ပစ်တော့ ရွာသူရွာသားတွေ ဘယ်နေရဲတော့မလဲ။ ဆိုင်ကယ်နဲ့ပြေးသူပြေး အလွတ်ပြေး သူပြေး ထွက်ပြေးရတာပေါ့။ တချို့လည်း ထော်လာဂျီနဲ့ကြိုပြီး မူးမြစ်အနောက်ဘက်ကမ်းပြေးရတာပေါ့။ ထော်လာဂျီတွေက အရှေ့ကမ်းထားခဲ့ရတာလေ။ အဲဒါကိုလိုက်ပြီးပစ်သေးတာ လူမတွေ့တော့ ထော်လာဂျီ တွေယူသွားကြတယ်။ နှစ်စီးပါသွားတယ်။ ဆိုင်ကယ်ကလည်း ကလစ်ဆိုင်ကယ် တစ်စီးနဲ့ ဆိုင်ကလုန်းတစ်စီးယူသွားတယ်” လို့ ညောင်ကိုင်းရွာသားတစ်ဦးက ပြောပါတယ်။
စစ်တပ်က ညောင်ကိုင်းရွာမှာ တစ်ည တပ်စွဲပြီး၊ မနက်ပိုင်းမှာတော့ ရုံးတောကျေးရွာကိုထပ်ပြီး ဝင်ရောက်တယ်လို့ သိရပါတယ်။ ရုံးတောရွာက ပစ်ခတ်ဖမ်းဆီးခံရမှု အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေရဆဲဖြစ်ပါတယ်။
ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ လယ်ပိုင်းက ပလိုင်းကျေးရွာအပါအဝင် နီးစပ်ရာ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ပစ်ခတ်လို့ သေဆုံး ဒဏ်ရာရသူတွေရှိခဲ့သလို နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ကျေးရွာသားတွေရဲ့ပစ္စည်းတွေ ကိုလည်း ယူငင်ခံရတာတွေလည်း ရှိခဲ့ပါတယ်။