Home
မြန်မာသတင်း
သီပေါမြို့နယ်၌ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲ‌ထပ်ဖြစ်၊ ဒေသခံ ၃၀၀ ကျော် တိမ်းရှောင်
DVB
·
August 12, 2021
229164023_142089881405277_2476652159923716306_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်တိုက်နယ်၊ ဝမ်ကောင်း‌ကျေးရွာနဲ့ လွိုင်လုံကျေးရွာကြားမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်တို့ ဩဂုတ် ၁၁ ရက်န ဒီနေ့ မနက်ပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် လွိုင်လုံ၊ ဝမ်းကျောင်း၊ ကောင်းကော်နဲ့ ဝမ်းကောင်းကျေးရွာက ပြည်သူလူထု ၃၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

"ကျနော်တို့ရွာနားမှာအစိမ်း(SSPP)နဲ့ပြောက်ကျား (RCSS) တိုက်ပွဲဖြစ်တယ်။ ပြည်သူလူထုတွေ ကျည်ထိမှာ စိုးရိမ်လို့  တိမ်းရှောင်နေရတယ်" လို့ နယ်မြေခံရွာသားတစ်ဦးက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်လာကြသူတွေထဲမှာ ရင်ခွင်ပိုက်ကလေးမိခင်၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်နေပြီး ကောင်းကော်ဘုန်းကြီးကျောင်းတိုက်မှာ ယာယီခိုလှုံနေကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်နဲ့ ကျေးသီးမြို့နယ်အတွင်းမှာ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

SSPP/SSAတပ်နဲ့ RCSS/SSAတပ်တို့ဟာ နယ်မြေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က စတင်လို့ စစ်ရေးတင်မာခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ အကြား အပစ်အခတ်ရပ်စဲပြီး  တွေ့ဆုံဆွေးနွေးဖို့ ရှမ်း‌လူမျိုး ရဟန်းသံဃာတွေ။ အကြီးအကဲတွေနဲ့ ပြည်တွင်းပြည်ပက ရှမ်းလူငယ်တွေကတောင်းဆိုထားတာတွေရှိနေပေမယ့် စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024