စစ်တပ်အာဏာမသိမ်းခင်ကျူးလွန်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်းအမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် အမှုအမျိုးအစား ၉ မျိုးကို အမှုပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဩဂုတ် ၁၁ ရက်မှာ ကြေညာပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ဖို့နဲ့ ကျန်ရှိနေတဲ့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို သတ်မှတ်ချက်တွေနဲ့အညီ သက်ညှာစွာနဲ့ အမှုပိတ်သိမ်းပေးနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
ပိတ်သိမ်းလိုက်တဲ့အမှုတွေအထဲမှာ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ မတရားအသင်းအမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပုဒ်မ ၁၂၂) ၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပုဒ်မ ၁၂၄(က)) ၊ တရားခံပြေးအမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားစွဲဆိုထားတဲ့အမှုတွေပါဝင်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ အဆိုပါပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာတရားရုံးတွေမှာ တရားစွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေအားလုံးကို ပိတ်သိမ်းပြီး တရားခံတွေကို အမှုကနေ လွှတ်ပေးရမယ်လို့ ဆိုပါတယ်။
၂၀၂၁ စက်တင်ဘာ ၃၀ ရက်မတိုင်မီ သက်ဆိုင်ရာတရားရုံးမှာ လျှောက်ထားတဲ့ အမှုတွေတော့ ပါဝင်ခြင်းမရှိပါဘူး။
ဒါ့အပြင် လူသတ်မှု၊ မုဒိမ်းမှု၊ သူတပါးထိခိုက်နစ်နာစေတဲ့ပြစ်မှု၊ လူပုဂ္ဂိုလ်နဲ့ ငွေကြေးပစ္စည်း ဆုံးရှုံးနစ်နာစေတဲ့ပြစ်မှု၊ ကိုယ်တိုင် ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာတရားရုံးမှာ လျှောက်ထားခြင်းမရှိမှသာ အမှုပိတ်သိမ်းပြီး တရားခံကို လွှတ်ရမယ်လို့ဆိုပါတယ်။
ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း လျှောက်ထားတဲ့အခါမှာတော့ သက်ဆိုင်ရာ တရားရုံးက ရောက်ရှိတဲ့ အဆင့်ကစပြီး အမှုကို ဆက်လက်စစ်ဆေးရမယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ခိုးမှု၊ မူးယစ်ဆေး၊ ယစ်မျိုး၊ လောင်းကစားနဲ့ ပြည့်တန်ဆာအမှုတွေအပါအဝင် ကြားနာ စစ်ဆေးဆဲ အမှုအမျိုးအစား ၁၁ မျိုးကို အမှုပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ကြေညာခဲ့ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တား၊ ထိန်းချုပ် ကာကွယ်ကုသနိုင်ဖို့နဲ့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်တွေကြောင့် သက်ဆိုင်ရာ တရားရုံးတွေမှာ စွဲဆိုထားတဲ့ ပြစ်မှုတွေအတွက် တရားခံတွေကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိလို့ ချုပ်ရက်တွေ ရှည်ကြာနေလို့ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။