မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဩဂုတ်လ ၁၁ ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
၃၂ လမ်း၊ ၈၅ လမ်း နဲ့ ၈၆ လမ်း ပတ်ဝန်းကျင်မှာ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း စတင် ချီတက်လာချိန် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ ရောက်ရှိလာပြီး ဖြိုခွင်းတာဖြစ်ပါတယ်။
“ဖြိုခွင်းခံရတာတော့ ဟုတ်တယ်။ ဖမ်းခံတာတော့ မသိရသေးဘူး။ ချီတက်တဲ့အချိန်မှာပဲ အရပ်ဝတ် လက်နက်ကိုင်တွေက လမ်းတွေ ပိတ်ပြီး ရောက်နေကြတယ်” လို့ စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦး က ပြောပါတယ်။
မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြနေတာ (၁၈၄) ရက်မြောက်ထိရှိပြီဖြစ်ပြီး ဘယ်လိုအတားအဆီးတွေပဲရှိရှိ နေ့စဉ်ချီတက်နေတဲ့ မန္တလေးက စစ်ကြောင်း တစ်ခုဖြစ်ပါတယ်။