မန္တလေးမြို့အနီးက အင်းဝမှာ မေလ ၁၆ ရက်နေ့က စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆန္ဒပြတဲ့ မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပေမယ့် ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာမရှိဘူးလို့ သိရပါတယ်။
ဆန္ဒပြနေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေဟာ စစ်ကား ၃ စီးနဲ့ ရောက်လာပြီး အသံဗုံးခွဲတာ၊ ကျည်အစစ်တွေနဲ့ ပစ်တာတွေ လုပ်ခဲ့ကြပါတယ်။
“ပစ်ကွာ ဘုန်းကြီးလည်းပစ်၊ သူတို့က ပစ်ပြီး လက်နက်မဲ့ သံဃာတော်တွေကို လက်နက်ချလို့ အော်ပစ်တဲ့ကောင်က ရှိသေး” လို့ စစ်ကြောင်းမှာပါတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
ဒီလို လာရောက်ဖြိုခွင်းပေမယ့် အချိန်မီ လူစုခွဲလိုက်နိုင်ခဲ့ကြပါတယ်။
မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ဘယ်လို အတားအဆီးတွေရှိရှိ နေ့စဉ်မပျက် ချီတက်နေတဲ့ မန္တလေးမြို့ က စစ်ကြောင်းတစ်ခု ဖြစ်ပါတယ်။