မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၁၃၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၅၃၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ဩဂုတ် ၁၀ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အတွင်းမှာရှိနေတဲ့ အသက် ၆၀ အရွယ် Pi Ngeih Tling ဟာ ရင်ဘတ်ကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့လယ်ပိုင်းမှာတော့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာက သပိတ်ခေါင်းဆောင် တယောက်ဖြစ်တဲ့ မောင်စန်းကိုကို အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်က ပိုက်သင်ကျေးရွာ ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ဝင်ရောက်ဖမ်းဆီးစဉ် လွတ်မြောက်သွားတာကြောင့် ရွာအတွင်းကို ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး အဲဒီအချိန်မှာ နေအိမ်အတွင်းက လေးခွကိုင်ထွက်ကြည့်တဲ့ ဒေသခံ ရွာသား ကိုအောင်ဇေယျကို လေးခွကိုင်ထားတယ်ဆိုပြီး ကားပေါ်ကို ဆွဲတင်ကာ ခေါ် ဆောင်သွားခဲ့ကြပါတယ်။ ရွာထိပ်က ရေကန်နားအရောက်မှာတော့ ကိုအောင်ဇေယျကို ကားပေါ်က ဆင်းခိုင်းပြီး ကန်အတွင်း ပြေးခိုင်းခဲ့ကာ သူပြေးနေစဉ် နောက်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် နောက်ကျောကျည်ဖောက်ထွက်ဒဏ်ရာနဲ့ နေရာတင် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့အဆိုအရ သိရပါတယ်။
ဩဂုတ် ၇ ရက်နေ့ မနက်ပိုင်းမှာတော့ သပြေကုန်းကျေးရွာရဲစခန်းက မေးမြန်းစရာ ရှိတယ်ဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာက ကိုဆန်းဝင်းဟာ ပြင်းထန်ဒဏ်ရာတွေကြောင့် အဲဒီနေ့ နေ့လယ် ၂ နာရီမှာ ဆေးရုံမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ကိုဆန်းဝင်းရဲ့ ရုပ်အလောင်းမှာတော့ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကို တွေ့ရှိရပြီး သူနဲ့အတူ တရွာတည်းသား ကိုဝင်းထွန်းနဲ့ ကိုအောင်မြင့်ဦးတို့လည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၉ ရက် မ နက်ပိုင်းတုန်းကတော့ ကိုဆန်းဝင်းရဲ့ မိသားစုတွေဆီ သပြေကုန်းအုပ်စုအပိုင် နယ်ထိန်း ကျော်ကျော်မောင်နဲ့ အရပ်ဝတ်တယောက်တို့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၃၀ နဲ့ ကြေ အေးပေးဖို့ လာရောက်ညှိနှိုင်းခဲ့တယ်လို့ သိရှိရပြီး မိသားစုဝင်တွေကတော့ ဒါကို လက်ခံသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။