မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁၂,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၁၉၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၆၁၁ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၉ ဒသမ ၆၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၅,၉၀၂ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၂၃၈ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၁၂,၀၁၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၃,၁၂၇ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။
နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀ မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။