Home
မေးမြန်းခန်း
“ဒီတိုက်ပွဲသည် အဆုံးသတ်တိုက်ပွဲကြီး ဖြစ်ရမယ်”- ဒေါက်တာတေဇာဆန်း
DVB
·
August 9, 2021
ss
TZSuuu
TZsss-2
TZsss-1
TZsss

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာ့နွေဦးတော်လှန်ရေးဟာ ကိုဗစ် တတိယလိုင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာတောင် အရှိန်လျော့သွားတာမျိုး မတွေ့ရပါဘူး။ အခုချိန်ထိလည်း လမ်းပေါ်မှာ ဆန္ဒပြတောင်းဆိုမှုတွေရှိနေသလို PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း လျော့ကျသွားတာ မတွေ့ရပါဘူး။ အာဏာသိမ်းပြီး ၆ လအကြာ နိုင်ငံရေးအရ ဘယ်လောက်အထိ  ထိရောက်မှုရှိနေသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ နွေးဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လူငယ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းနဲ့  ဒီဗွီဘီက အွန်လိုင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ပထမဆုံးအနေနဲ့ ဖေဖော်ဝါရီလ  ၁ရက်နေ့က ကျမတို့ အိပ်ယာနိုးလိုက်အခါကျတော့ အာဏာသိမ်းသွားပြီဆိုတဲ့သတင်းကိုကြားရတဲ့အခါကျတော့ အားလုံးက ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတယ်ပေါ့နော်။ တချိန်ထဲမှာပဲ ငြိမ်သက်သွားကြတယ်ပေါ့နော်။ ပြီးတော့မှ  ကျမတို့လည်း စောင့်နေကြတာပေါ့နော်။ ဒီလိုအနေအထားဖြစ်သွားပြီးတနေရာရာမှာ  ဒါကြီးက ပေါက်ကွဲလာမှာပဲဆိုပြီးတော့ စောင့်ကြည့်နေတဲ့အချိန်မှာမှာ ၄ ရက်နေ့ကစပြီးတော့ မန္တလေးမှာ ဆရာတို့က စထွက်တယ်ဆိုတဲ့သတင်းတွေရလာတယ်။ ၅ ရက်နေ့မှာ ရန်ကုန်အထိ ပျံ့နှံ့ လာတာပေါ့နော်။ အဲဒီတုန်းက ဆရာတို့ စခဲ့တဲ့အချိန်မှာ ဆရာတို့စဉ်းထားတာပေါ့နော်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဒီလောက်ထိ အရှိန်ရပြီး ကြီးထွားလာမယ်လို့  ယူဆပါသလားရှင်။

ဖြေ။ “ ဟုတ်ကဲ့။ ကျနော်တို့ ဒီအာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီ ၁ ရက်နေ့ကပဲ ကျနော်တို့ကလည်း အားလုံးနဲ့အတူတူပါပဲ။ မနက်ခင်းမိုးလင်းလာတော့ ဖုန်းလိုင်းတွေလည်းမရ၊ အင်တာနက်လိုင်းတွေလည်းမရ၊ တခုခုတော့ဖြစ်နေပြီ၊ နောက်ပြီး ကောလာဟလကြားတယ် အာဏာသိမ်းတယ်ပေါ့နော်။ ဒီသတင်းကြားတော့ ကျနော်လုံးဝကို  မယုံကြည်နိုင်လောက်အောင်ရောပေါ့၊ အဲဒီရက်ပိုင်း သတင်းကြားတော့ကြားတယ်။ ဒါပေမဲ့ ဒီလောက်အထိ မြန်မာစစ်တပ်က ဒီလောက်အထိ အသိဉာဏ်နည်းလိမ့်မယ်လို့  ထင်မထားဘူးပေါ့ဗျာ။ တော်တော်လေးကို ဒေါသလည်းဖြစ်တယ်။ ဝမ်းလည်း ဝမ်းနည်းတယ်ပေါ့နော်။ ဖြစ်လည်းမဖြစ်သင့်ဘူး။ ဒါလုံးဝလည်း လက်မခံနိုင်ဘူး။ ကျနော်အနေကျတော့ ထင်တယ်ဗျာ။ မြန်မာလူထုက ဒီအာဏာသိမ်းတဲ့ လုပ်ရပ်ကို လုံးဝ လက်မခံမှာမဟုတ်ဘူး။ အစွမ်းကုန် ဆန့်ကျင်မယ်၊ တွန်းလှန်မယ်၊ ကျနော်ယုံကြည်ပြီးသား။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေက ၂၀၁၁ ကနေ ၂၀၂၁ ကြားထဲမှာ ဒီမိုကရေစီကို အပြည့်အဝ မဟုတ်သော်လည်းပဲ လွတ်လပ်ခွင့်တို့ ဒီမိုကရေစီတို့၊ သတင်းနဲ့ နည်းပညာတို့ ဒါတွေနဲ့ အနည်းငယ်သာ တို့ထိခံစားတဲ့အခါမှာ ဒီလွတ်လပ်မှု ဒီမိုကရေစီ လူ့အခွင့်အရေးတွေရဲ့ တန်ဖို့း အနှစ်သာရတွေကို သဘောကျ နှစ်သက်နေပြီးသားဗျာ။ တိုင်းပြည်က ဘာပဲပြောပြော ရှေ့ကို တစုံတရာ တိုးတက်နေတယ်လို့ ယုံကြည်မှုကလည်း အထူးသဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ကာလမှာ ကျနော်တို့ တိုင်းပြည်ကြီးက ကိုဗစ်-၁၉ ကိုလည်းတစုံတရာ ထိန်းချုပ်နိုင်ထားပြီ။ ကာကွယ်ဆေးကိုလည်းရောက်နေပြီ၊ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်လည်ပတ်တော့မယ်ပေါ့။ ဒီလိုမျိုး မျှော်လင့်ချက်ကိုယ်စီတွေနဲ့ ယုံကြည်ချက်ကိုယ်စီရှိနေတဲ့အချိန်မှာပဲ ဒီအာဏာသိမ်းတဲ့လုပ်ရပ်ကြီးက ပြည်သူလူထုအားလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တာပဲ။  တိုင်းပြည်ကို အမှောင်မိုက်ဆုံးသောကာလ အမောင်ထုထဲကို ဆွဲခေါ်သွားတယ်လိုပဲမြင်တယ်။ အဲတော့ ကျနော့်အနေနဲ့ အဲဒီကာလကတည်းက ယုံကြည်တယ်၊ မြန်မာလူထုကတော့  ဒီအာဏာသိမ်းမှုကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အစွမ်းကုန် ဆန့်ကျင်မယ်၊ တွန်းလှန်မယ်ဆိုတာ ကျနော်တို့ လုံးဝကို ယုံကြည်ပြီးသားဖြစ်တယ်။ အခုလည်းပဲ ယုံကြည်လျက်ရှိတယ်။ နောက်လည်းပဲ လူထုသည် ဆက်ချပါ၊ အာဏာသိမ်းတဲ့လုပ်ရပ်ကို လုံးဝ လက်ခံမှာမဟုတ်ဘူး။ အစွမ်းကုန် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ပြီးတော့ ခုခံတွန်းလှန်သွားမယ်ဆိုတာ ကျနော့်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်ခင်ဗျာ။ ”

မေး။ အခုဆိုလို့ရှိရင် နွေဦးတော်လှန်ရေးစတင်ဆင်နွှဲလာတာဆိုလို့ရှိရင်  ၆ လလောက် ကြာခဲ့ပြီပေါ့နော်။ အဲတော့ တော်လှန်ရေးအရတော့ အားကောင်းနေတယ်လို့ ယူဆလို့ ရတာပေါ့နော်။ ဒါပေမဲ့ ဒီနေရာမှာ ကျမတို့ လက်တွေ့ ကျကျ သုံးသပ်ချင်တာတခုရှိတယ်ပေါ့နော်။ ဒါက ဒီ ၆ လကာလမှာ ဘယ်လောက်အထိ ခရီးရောက်ခဲ့ပြီလဲဆရာ။

ဖြေ။ “ ဘယ်လောက်ထိ ခရီးရောက်ခဲ့ပြီလဲဆိုတာတဲ့ကိစ္စမှာ ကျနော်ထင်တယ်ဗျာ၊ အခန်းကဏ္ဍ ခွဲပြီး ပြောရမယ်ပေါ့နော်။  ပထမဆုံးတခုက ဒီအာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကဗျာ၊ သူတို့အာဏာသိမ်းတာကို လွယ်လင့်တကူနဲ့ပဲ သိမ်းလို့ရနိုင်တယ်။ ပြည်သူလူထုက တော်ယုံတန်ယုံလောက်နဲ့ငြိမ်သက်သွားမယ်။ သူတို့ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံရတယ်။ သို့သော် ဒီနေ့ကြည့်လိုက်ရအောင် သူက အချိန်ကာလ ၆ လကျော်ပြီ ကျနော်တို့ ပြည်သူလူထုကို နေ့တရက်မှ အုပ်ချုပ်လို့မရဘူး။ လူထုက လုံဝ ငြိမ်သက်မသွားဘူး။ အဲတော့ ပြောရရင်ဗျာ၊ သူတို့ထင်ခဲ့တဲ့၊ သူတို့အလွယ်တကူနဲ့အာဏာသိမ်းနိုင်တယ်။ လူထုက ဒီအာဏာသိမ်းမှုကို လက်ခံမယ်၊  ပြည်သူလူထုက ငြိမ်သွားမယ်၊ အေးဆေးဖြစ်သွားမယ်လို့ ယူဆချက်၊‌မျှော်လင့်ချက်ဖြစ်မလာဘူး။ အခု ၆ လကျော်အထိ လက်မခံဘူး။ ဒါကိုကတည်းက ကျနော်တို့လူထုက တစုံတရာအောင်မြင်မှုရနေတယ်လို့ ထင်တယ်။ ဘာဖြစ်လို့ တဖက်က လက်နက်ရှိတဲ့ စစ်တပ်က ၊ စစ်ကောင်စီက လက်နက်အားကိုးပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ချင်တာလေ။ ကျနော်တို့ ပြည်သူလူထုက လုံးဝ အုပ်ချုပ်မခံဘူး။ ကျနော်တို့ကို တနေ့တရက် တနာရီတောင် အုပ်ချုပ်လို့မရဘူး။ ဒါသည် ကျနော်တို့ရဲ့ အောင်မြင်မှုတခု၊ ခရီးလမ်းတခုကို ရောက်နေတယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဒီမှာ ကျနော်တို့က ဘာဆက်ပြီးတော့ တိုက်ပွဲဝင်ရမလဲဆိုရင် ဒီအာဏာသိမ်းစစ်ကောင်စီ အမြန်ဆုံး ပြုတ်ကျသွားအောင်၊ ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ရအောင် ခရီးဆုံးထိရောက်အောင်တော့ ကျနော်တို့သွားရမယ်။ သေချာတာကတော့ ဒီနေ့ ကျနော်တို့ခရီးရဲ့ အင်မတန်ကြီးမားတဲ့ အတိုင်းအတာတခုအထိ  ကျနော်တို့ ရောက်နေပြီဆိုတာ ထင်ရှားတယ်။  ကျနော်တို့ ဒီ ၆ လသည် ကျနော်တို့ အကောင်းဆုံးသက်သေပြခဲ့ပြီးပြီ။ လူထုသည် စိတ်ချ ဘယ်တော့မှလည်း ဆုတ်ယုတ်သွားမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့လူထုကို စစ်ကောင်စီအနေနဲ့ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ၊ ဘယ်လောက်ပဲ အကြမ်းဖက်ပါစေ၊ ဘယ်လောက်ပဲ သတ်ဖြတ်ပါစေ၊ လူထုသည် သွေးကြောင်သွားမှာမဟုတ်ဘူး။ ကျနော်တို့ကို တနေ့တရက်မှ အုပ်ချုပ်လို့မရဘူး။ ဒါသည်ပင်လျှင် ကျနော်တို့လူထုရဲ့ ဒီ ၆ လကျော်ကာလအတွင်း အောင်မြင်မှုတခုလို့ ကျနော်တို့ကတော့ သုံးသပ်တယ်၊ ယူဆတယ်။ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲကတော့ စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချပြီးတော့ ကျနော်တို့လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်ကြဖို့ပဲဖြစ်တယ်။ ဒါလည်းပဲ ကျနော်တို့လူထုရဲ့ စုပေါင်းအင်အား၊ စုပေါင်းခေါင်းဆောင်မှုနဲ့ မကြာခင်မှာ အရောက်လှမ်းနိုင်မယ်လို့ ကျနော်တို့ကတော့ အပြည့်အဝ ယုံကြည်ပါတယ်ခင်ဗျာ။ ”

မေး။ ဟုတ်ကဲ့ဆရာ၊ အခုတော်လှန်ရေးအောင်မြင်ဖို့ဆိုရင် မဖြစ်မနေ ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုအပ်ပါသလဲ၊ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်မှုအပိုင်းတွေကကော ဘယ်လောက်ထိ အရေးပါပါသလဲ။

ဖြေ။ “ အဲတော့ ကျနော်တို့ ဒီတော်လှန်ရေးတခုအောင်မြင်ဖို့၊ တနည်းပြောရရင် ကျနော်တို့မျှော်လင့်တဲ့ စစ်ကောင်စီကို ဖြုတ်ချပြီးတော့ ကျနော်တို့သွားလိုတဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ကျနော်ထင်တယ်၊ အင်အားစုတွေ အားလုံးသွေးစည်းညီညွတ်ဖို့ ဒါအင်မတန် အရေးကြီးပါတယ်။ ဒီနေ့ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ကျနော်တို့ ပြည်သူလူထုက ယုံကြည်အားကိုးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရှိပါတယ်။ အဲတော့ ဒီ အန်ယူဂျီ ရှိသလို တဖက်မှာလည်း တိုင်းပြည်ရဲ့အနာဂတ် တိုင်းပြည်အသစ်ကို ဘယ်လို တည်ဆောက်မယ်ဆိုတာကို ရေးသားထုတ်ပြန်ထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဆိုတာလည်းရှိပါတယ်။ ဒီ charter ကိုရေးသားခဲ့တဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဆိုတာလည်းရှိပါတယ်။ အဲတော့ ပြောရရင် ဒီအင်အားစုတွေ၊ NUG ၊ NUCC  နောက်ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်ဖြစ်ပေါ်လာတဲ့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ဒါတွေသည် ဒီအင်အားစုတွေသည်၊ ဒီအဖွဲ့အစည်းတွေသည် ကျနော်တို့ လက်ရှိတော်လှန်ရေးရဲ့ တပ်ဦးရှေ့ဆောင်အင်အားစုတွေလို့ ကျနော်တို့ယူဆပါတယ်။ အဲတော့ ဒီအင်အားစုတွေမှာ  တကယ်ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ၊ အင်အားတွေအားလုံးပါဝင်ဖို့ အင်မတန်လိုပါတယ်။ နောက် ဒီအင်အားစုကြားထဲမှာ သွေးစည်းညီညွတ်မှု အင်မတန် အရေးကြီးတယ်လို့ထင်တယ်။ ဒီလိုမျိုး သွေးစည်းညီညွတ်မှသာလျှင် ကျနော်တို့ရဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီကို ဒီတင်ကိုယ်တင်တန်းတူယှဉ်နိုင်ပြီးတော့ မြန်မြန် ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာဖြစ်တယ်။  ကျနော်တို့ဒီမိုကရေစီဘက်တော်သားတွေ၊ ကျနော်တို့ ဖယ်ဒရယ် ဘက်တော်သား အင်အားစုတွေ သွေးမစည်းဘူး၊ မညီညွတ်ဘူး၊ အလဲလဲအကွဲကွဲဖြစ်နေတယ်ဆိုရင်တော့  ကျနော်တို့ ခရီးက ကြာသင့်တဲ့အချိန်ထက် ပိုပြီးတော့ကြာတာမျိုးတွေ၊ ပေးဆပ်သင့်တာထက် ပိုပြီးတော့ ပေးဆပ်ရတာမျိုးတွေရှိနိုင်တယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်သူလူထုအနေနဲ့ကတော့ လက်ရှိတိုင်းပြည်ကို ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေပြီးတော့ ကျနော်တို့ ပြည်သူတွေကလည်း မျှော်လင့်အားကိုးတဲ့ ဒီအမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ၊ နောက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ စသဖြင့် ဒီအင်အားစုတွေအားလုံးကို  စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ သွားလိုတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့အရာအတွက် ကျနော်တို့လူထုကို ကျနော်တို့တိုင်းပြည်ကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ရှေ့ဆောင်ဖို့လည်း ကျနော်တို့က မျှော်လင့်ပါတယ်။”

“ကျနော်တို့ ပြည်သူတွေ ဘက်ကတော့ စိတ်ချဗျာ။ ဘယ်တော့မှလည်း သွေးအေးသွားမှာမဟုတ်ဘူး။ လက်ရှိ ကျနော်တို့လူထု ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတယ်။ အာဏာရှင်တွေကလည်း ဖိတယ်၊ နှိပ်တယ်၊ သတ်ဖြတ်တယ်။ စီးပွားရေး လူမှုစီးပွားပြဿနာတွေကလည်း အများကြီး၊ ကိုဗစ်ကပ်ရောဂါကြီးကလည်း ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ သို့သော် ဘယ်လောက်ထိ ဒုက္ခတွေ တွေ့နေရပါစေ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကျနော်တို့ လူထုကတော့ စိတ်ချဗျာ။ ဘယ်တော့မှ သွေးအေးသွားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတိုက်ပွဲသည် အဆုံးသတ် တိုက်ပွဲကြီး ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် ၊ မျှော်လင့်ချက်က အပြည့်အဝ ရှိနေပြီးသား၊ ကျနော်တို့ ဒီတခေါက် ကျနော်တို့ ဘာတွေပဲ ပေးဆပ်ရ၊ ပေးဆပ်ရ၊ ဘယ်လောက်ပဲ ကျနော်တို့ ဒုက္ခရောက်ပါစေ၊  ဒီတိုင်းပြည်မှာ အာဏာသိမ်းတဲ့လုပ်ရပ်ကို အာဏာရှင်ကို ဆန့်ကျင်ရတဲ့မျိုးဆက်အနေနဲ့  ကျနော်တို့ မျိုးဆက်က နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်တို့က တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကျနော်တို့ ပေးဆပ်မှုတွေအားလုံးသည် နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်လို့ပဲ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ မျိုးဆက်သစ်တွေကို နေပျော်တဲ့ နိုင်ငံတော်တခုကိုပဲ လက်ဆင့်ကမ်းအမွေပေးချင်တော့တယ်။ ဒါ့ကြောင့် ကျနော်တို့က  အစွမ်းကုန်ဆက်လက်ပြီးတော့ ပြည်သူလူထုကတော့ ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ ”

မေး။ ပြည်သူလူထုက ကြိုးစားနေတယ်။ ခေါင်းဆောင်မှုအပိုင်းမှာလည်း ခေါင်းဆောင်မှုပေးနေတယ်။ ဆရာတို့လို လူငယ်နိုင်ငံရေးသမားတွေ၊ လူငယ်တော်လှန်ရေးသမားတွေကလည်း ဒီအပေါ်မှာ တကယ့် သန္နဋ္ဌာန်ခိုင်ခိုင်မာမာနဲ့ လုပ်နေတဲ့အပိုင်းရှိတယ်။ ဒီနေရာမှာ တခါတလေ တော်လှန်ရေးကို အဟန့်အတားဖြစ်စေတဲ့ တခြားအကြောင်း တရားတွေလည်း ရှိကောင်းရှိနိုင်တယ်လေ။ ဒီလိုမျိုးအခုဖြစ်နေတဲ့ တော်လှန်ရေးတရပ်ကို ဆင်နွှဲနေတဲ့နေရာမှာ အဟန့်အတားဖြစ်တဲ့ အကြောင်းတရားတွေကော မြင်မိတာ ရှိပါသလား။

ဖြေ။ “ ဒါနဲ့ပတ်သက်ရင်တော့ အဟန့်အတားဆိုတာထက်စာရင် အခုကျနော်တို့သိတဲ့အတိုင်းပဲ တိုင်းပြည်ကဒုက္ခတွေကအများကြီး စုစုံတယ်။ ကျ‌နော်တို့ ပြောသလိုဆိုရင် ကပ်ကြီးသုံးပါစိုက်တယ်ဆိုတာ  ကျနော်တို့ နိုင်ငံ ဖြစ်နေမှာပေါ့နော်။ ဒုဗ္ဘိက္ခန္တရကပ် ၊ ရောဂန္တရကပ်၊  သတ္ထန္တရကပ်ပေါ့နော်။  ရောဂါကပ်ဘေး၊ စစ်ဘေး၊ သဘာဝဘေး၊ အငတ်ဘေး၊ အဓိက ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တွေကို ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ လွှတ်မချလိုက်ဖို့ပါ။ ကျနော်တို့ အခု ၆ လကျော် ဖြတ်သန်းခဲ့တဲ့စိတ်၊ ဒီသံမဏိစိတ်တွေနဲ့ ကျနော်တို့ ဆက်ပြီးတော့ ချီတက်ကြဖို့က မဖြစ်မနေ အရေးကြီးတယ်။ ကျနော်တို့ရဲ့မျှော်လင့်ချက်တွေ၊ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကို ဘယ်လောက်ပဲ အခက်အခဲရှိပါစေ၊ ဘယ်လောက်ပဲ အကျပ်အတည်းတွေ ရှိပါစေလွှတ်မချလိုက်ဖို့၊ ဆက်လက်ပြီးဆွဲကိုင်ထားဖို့သည် ဒါနံပါတ်၁ အရေးကြီးပါတယ်။ နံပါတ် ၂ ကတော့ ကျနော်တို့ အမြဲတမ်းပြောသလို ကျနော်တို့ မြန်မာ့နိုင်ငံရေးသမိုင်း တိုက်ပွဲ အစဉ်အဆက်ကို ကြည့်လိုက်ပါ၊  ကျနော်တို့အားလုံး သွေးစည်းနေတယ်၊ ညီညွတ်နေတယ်၊ စုစည်းနေတယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးက ရှေ့ကိုအမြဲတမ်း တဆင့်တဆင့်တက်နေပါတယ်။ အဲလိုမဟုတ်ဘူး။ ကျနော်တို့တော်လှန်ရေးအင်အားစုတွေက သွေးမစည်းဘူး၊ အလဲလဲအကွဲကွဲဖြစ်နေတယ်၊ ဖရိုဖရဲဖြစ်နေတယ် ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးက တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ တခါတလေမှာ နောက်ကိုတောင်  ပြန်လှည့်သွားတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်။ အဲတော့် ကျနော့်အနေနဲ့ကတော့ ကျနော်တို့ ပြည်သူလူထုကိုရော၊ လက်ရှိဦးဆောင်မှုအခန်းကဏ္ဍမှာရှိနေတဲ့ အင်အားစုအသီးသီးကိုရော စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး‌တော့ ခရီးချီတက်ကြစေချင်တာပါ။”

“ဒီနေရာမှာ ကိုယ်ကျရာ ကဏ္ဍကနေပြီးတော့ အကောင်းဆုံး ပါဝင်ဆောင်ရွက်ကြဖို့ပဲဖြစ်တယ်။ ကျနော်တို့အာလုံး သွေးမကွဲဘူး၊ စုစည်းမယ်၊ ညီညွတ်မယ်၊ ဆက်ပြီးတော့ ချီတက်ကြဖို့သည် အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ သွေးစည်းညီညွတ်မှု ပြိုကွဲသွားမယ်၊ သို့မဟုတ် သွေးစည်းညီညွတ်မှုအားနည်းသွားမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအတွက် အနည်းနဲ့အများဆိုသလို အနုတ်သဘောဆောင်တဲ့ သဘောတရားကျနော်တို့ရှိနိုင်ပါတယ်။ နောက်တခုကတော့ သေချာတယ်၊ ဒီအကြမ်းဖက် စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိ သွေးခွဲနေမှာပဲ။ ကျနော်တို့တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေမှာပဲ။ ကျနော်တို့အခုဆိုရင်သိရတယ်။ သူသည် ကိုဗစ်-၁၉ ရောဂါကိုတောင်မှ လူထုကို နှိပ်ကွပ်ဖို့၊ လူထုကို ဖိနှိပ်ဖို့ တော်လှန်ရေးကို ဟန့်တားဖို့ လက်နက်ကိရိယာတခုအနေနဲ့ သုံးနေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ တခြားအမျိုးစုံပါပဲ ဆန္ဒပြပွဲတွေ ဖိနှိပ်တဲ့နေရာမှာလည်း တခြားနည်းတွေသုံးတယ်၊ လက်နက်ကိုင် တော်လှန်ရေး မိမိကိုယ်ကိုကာကွယ်ရေး ခုခံစစ်ဆင်နွှဲနေတဲ့ ၊ တရားသောစစ်ဆင်နွှဲနေတဲ့ PDF  အင်အားစုတွေအပေါ်မှာလည်း နည်းလမ်းပေါင်းစုံ ဖိနှိပ်နေတယ်။ ဒါကတော့ စစ်အာဏာရှင်ကတော့ လုပ်မှာပဲ။ သူ့အာဏာ သက်ဆိုးရှည်ဖို့ရာ၊ သို့သော် ဒါတွေကိုလည်း ကျနော်တို့က သိရှိထားဖို့၊ နားလည်ထားဖို့လိုပါတယ်။ စစ်ကောင်စီ လိုချင်သလို၊ သူပုံဖျက်နေသလို ကျနော်တို့ သွေးမကွဲဖို့ ကျနော်တို့ အင်မတန်အရေးကြီးတယ်။ ကျနော်တို့ တော်လှန်ရေး ဘက်တော်သားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ရဲ့တခုတည်သောလမ်းဖြစ်တဲ့  အာဏာရှင်တော်လှန်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တည့်တည့်မတ်မတ် ဆက်ပြီးတော့ လျှောက်နေဖို့သည် အင်မတန်မှ အရေးကြီးပါတယ်ခင်ဗျာ။ ”

မေး။ ဟုတ်ကဲ့ ဒီနေရာမှာကြည့်မယ်ဆိုရင် စစ်ကောင်စီဘက်လည်း သူဗျူဟာနဲ့သူတော့ စနစ်တကျ ရှိပုံရပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကို ပြည်သူလူထုက ဆင်နွှဲနေတယ်ဆိုတော့ ပြည်သူလူထုအပေါ်မှာလည်း အရင်တုန်းက ဖြတ်သုံးဖြတ်တို့၊ ဖြတ်လေးဖြတ်တို့ ဒါမျိုးတွေပေါ့နော်။ ငွေကြေးစီးဆင်းမှုတွေလည်း ဖြတ်တောက်ထားနိုင်တယ်၊ ကျန်းမာရေးဆိုရင်လည်း လုံလောက်တဲ့ ကျန်းမာရေးမရအောင်လည်း သူလုပ်ထားနိုင်တယ်။ နောက်ခု CDM တွေကို ဖိနှိပ်မှုတွေလုပ်တယ်ပေါ့နော်။ အခုဆိုရင် ဆရာဝန်ကြီးတွေက အစထောင်ထဲမှာ သေဆုံးသွားတယ်။ အရမ်းကို နှမျောစရာကောင်းတဲ့၊ အရမ်းကို စိတ်မချမ်းသာစရာကောင်းတဲ့ သတင်းမျိုးတွေကြားရတယ်ပေါ့လေ။ အဲတော့ သူဘက်က လုံးဝ နောက်မဆုတ်ဘူးဆိုတဲ့ သဘောမှာရှိတာပေါ့နော်။ မဟာဗျူဟာကျကျ လှုပ်ရှားနေတဲ့အပိုင်းမှာ ရှိတာပေါ့လေ။ အဲတော့ ဒီပေါ်မှာ ဆရာတို့က ဆိုလိုချင်တာက ငွေကြေးစီးဆင်းမှုတွေအစ ဆရာတို့အင်အားစုတွေက အားနည်းတယ်လေ။ ဒါပေမဲ့ သူတို့ဘက်မှာကျတော့ နောက်ဆုံးမှာ နိုင်ငံတကာက ငွေကြေးစီးဆင်းမှုတွေကို မဝင်ဘူးဆိုရင်၊ ပိုက်ဆံမရဘူးဆိုလို့ရှိရင် ဒီမူးယစ်ဆေးဝါးက ရတဲ့ဝင်ငွေတွေရှိနေတယ်လေ။ အဲတော့ ရေရှည်တော်လှန်ရေးတရပ်ဆင်နွှဲဖို့ဆိုလို့ရှိရင် ဆရာတို့ ငွေရေးကြေးရေးတွေကအစ အစစအရာရာ လိုအပ်လာမှာပေါ့နော်။ အဲဒီအတွက်ကို ဆရာတို့ မဟာ ဗျူဟာကျကျ လုပ်ဆောင်ရမယ့်အပိုင်းတွေလည်း ရှိမှာပေါ့နော်။ တချို့ဟာတွေက ဆရာတို့ ပြောလို့ရချင်မှရမှာပေါ့နော်။ အဲတော့ ဆရာတို့ဘက်က ဘယ်လောက်ထိ မဟာဗျူဟာကျကျနဲ့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲရှင့်။

ဖြေ။ “ ဟုတ်ပါတယ်။ ဒီအကြမ်းဖက် စစ်ကောင်စီအနေနဲ့ကတော့ သူ့အာဏာတည်တံ့ဖို့၊ သူသက်ဆိုးရှည်ဖို့ရာတော့ နည်းလမ်းမျိုးစုံနဲ့ ကျားကန်ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့လည်း မျှော်လင့်ထားပြီးသားပဲ။ အခုလည်း သူတို့လုပ်နေတယ်။ အခုန ပြောသလို ကျနော်တို့တော်လှန်ရေးရဲ့ ရေသောက်မြစ်တွေကို ဖြတ်တောက်နေတယ်။ နေ့စဉ်နဲ့အမျှ ကျနော်တို့ကို ဖိနှိပ်နေတယ်၊ သတ်ဖြတ်နေတယ်။ သူ့ကို ဆန့်ကျင် တွန်းလှန်တဲ့လူတွေကို ရက်ရက်စက်စက် မညှာမတာ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ဖြိုခွဲနေတာ မတွေ့ချင်၊ မမြင်ချင်အဆုံးပါပဲ။ သို့သော် ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့တော်လှန်ရေး ဘက်တော်သားတွေကလည်း ဖြစ်ချင်သလိုဖြစ်၊ သွားချင်သလိုသွားနေတာမဟုတ်ဘူး။ ကျနော်တို့မှာလည်း ကျနော်တို့ရဲ့စုစည်းမှု၊ ညီညွတ်မှုနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးတော့ ချီတက်နေတဲ့ ပုံစံရှိနေတယ်လို့ ကျနော် နားလည်တယ်။ မြေပြင်ကသပိတ်တွေ၊ ထဲထဲဝင်ဝင်လုပ်နေတဲ့ သပိတ်တွေကအစ ယနေ့အချိန်အထိ အားကောင်းနေတယ်ဆိုတာက ကျနော်တို့အားလုံးရဲ့ စုစုစည်းစည်းနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးတော့ ဗျူဟာကျကျ ဆောင်ရွက်နေနိုင်ခဲ့သူတွေဖြစ်တယ်။ နောက်တခု ကျနော်တို့ရဲ့ CDM ၊ ဒါသည် စစ်ကောင်စီရဲ့အရှိုက်ကို တည့်တည့်ထိုးနိုင်တဲ့လှုပ်ရှားမှုကြီးပဲ။ ယနေ့အချိန်အထိလည်း ၆ လကျော်ပြီ၊ ဒီ CDM လှုပ်ရှားမှု ဆက်ပြီးတော့ ရပ်တည်နိုင်တယ်ဆိုကတည်းကကို ကျနော်တို့အားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ စနစ်ကျ ဆောင်ရွက်နေလို့ဆိုတာ အင်မတန် ပေါ်လွင်နေပါတယ်။ မြန်မာနိုင်ငံမှာ CDM ဝန်ထမ်းတွေက သောင်းနဲ့ချီ၊ သိန်းနဲ့ချီရှိတယ်။ ဒီဝန်ထမ်းတွေဟာ ဒီနေ့အချိန်အထိ စစ်အာဏာရှင်ကို လုံးဝ လက်မခံဘူး။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား လုံးဝတည်လို့မရဘူး။ ပညာရေး ကြည့်မလား၊ ကျန်းမာရေးကြည့်မလား၊ အုပ်ချုပ်ရေးကြည့်မလား ဒီ CDM လှုပ်ရှားမှုသည် ယနေ့အချိန်အထိ အားကောင်းနေဆဲဖြစ်တယ်။” “တဘက်က ရှိနေတဲ့ ကျနော်တို့ ဘူးသပိတ်လို့ခေါ်တဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့၊ စစ်ကောင်စီပိုင်တဲ့ ပစ္စည်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မဝယ်ယူဘူး၊ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အသိအမှတ်မပြုဘူး။ လက်မခံဘူး။ စသဖြင့် ပေါ့နော်။ ဒါတွေကလည်း ယနေ့အချိန်ထိ အားကောင်းနေတယ်။ ပြောချင်တာက  ကျနော်တို့ တော်လှန်ရေးကလည်း စနစ်တကျ စုဖွဲ့ဆောင်ရွက်နေတာဖြစ်တယ်။ နောက်တခု ကျနော်တို့ နိုင်ငံရေးအရ ဦးဆောင်မှုပေးနေတဲ့ NUG  ဒီအင်အားစုတွေရဲ့ စုဖွဲ့မှုကလည်း လာမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ရဖို့ကိစ္စ အဲဒါ NUG ကို တရားဝင်ကိုယ်စားပြုခွင့်ရဖို့ကိစ္စ ကျနော်တို့ ကြိုးစားဆောင်ရွက်နေတာရှိတယ်။  ပြောချင်တာက ကျနော်တို့ တော်လှန်ရေး ဘက်တော်သားတွေမှာလည်း သေချာပြင်ဆင်ထားသော၊ စနစ်ကျသော စုဖွဲ့တည်ဆောက်မှုတွေနဲ့ ဗျူဟာတွေ လမ်းစဉ်တွေရှိနေတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ စစ်ကောင်စီမှာရှိတာကတော့ အကြမ်းဖက်မယ်၊ ဖိနှိပ်မယ်၊ အင်အားသုံးမယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ကြားဖူးတဲ့ လင်္ကာလေးတခု နဲ့ပြောချင်ပါတယ်။  “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင် ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့” ။ ပြောချင်တာက ကျနော်တို့ မြန်မာ စစ်ကောင်စီမှာ ဘာပဲရှိတုန်း၊ အင်အားပဲရှိတယ်။ လက်နက်အင်အားရှိမယ်၊ လူအင်အားရှိမယ်၊ ဖိနှိပ်မယ်၊ သတ်ဖြတ်မယ်၊ ရက်စက်မယ်ဆိုတဲ့ ရက်စက်ယုတ်မာမှုပဲရှိတယ်။ သူတို့ဘယ်လောက်ပဲ ရက်စက်ပါစေ၊ ဘယ်လောက်ပဲ သေနတ်တွေ ရှိပါစေ၊ ဘယ်လောက်ပဲ စစ်တပ်ကြီးပါစေ၊ ကျနော်တို့ ပြည်သူလူထုရဲ့ထောက်ခံမှု၊ ကိုးစားမှုမရဘဲဆိုရင် သူတို့ ဒီတိုက်ပွဲ ဘယ်တော့မှ နိုင်မှာမဟုတ်ပါဘူး။”

မေး။ နောက်ခု ဒီ ၈၈ နဲ့မတူတာက ဒီတော်လှန်ရေးဆင်နွှဲနေတဲ့ကာလမှာက ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလ ဖြစ်နေတဲ့အခါကျတော့ ဆရာကိုယ်တိုင် ခေါင်းဆောင်မှုအပိုင်းမှာ နေရတဲ့လူတယောက်အနေတဲ့ ကျန်းမာရေးကို  ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုဗစ်-၁၉ မကူးစက်အောင် ဘယ်လို ပြုမူနေထိုင်ပါလဲရှင်။

ဖြေ။ “ ဟုတ်တယ်။ ကျန်းမာရေးကတော့အရေးကြီးတယ်။ ကျနော်တို့ ပြည်သူလူထုကိုရော၊ သပိတ်ရဲဘော်တွေကော ကျန်းမာရေးက ကျနော်တို့အတွက် နံပတ် ၁  အဓိက ဖြစ်တယ်။ ကျနော်တို့အာလုံး ကျန်းမာမှ ကျန်တဲ့ မိမိတို့ လုပ်နိုင်တာတွေ ဆက်လုပ်လို့ရမယ်။ ကျနော်တို့ ဘဘ ဦးဝင်းတင် မိန့်ခဲ့တဲ့စကား တခွန်းလိုပဲပေါ့နော်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်ဓာတ် မကျိုးပဲ့စေနဲ့၊  ကျန်းမာရေး မကျိုးပဲ့စေနဲ့၊  စုဖွဲ့မှု မကျိုးပဲ့စေနဲ့ဆိုတဲ့အတိုင်း ကျနော်တို့ ကိုယ်ရောစိတ်ရော ကျန်းမာမှ ဒီတော်လှန်ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်နိုင်မှာဖြစ်တယ်။ ကျနော်တို့ဆိုရင် တတ်နိုင်သမျှ ပိုပြီးတော့မှ ဂရုစိုက်ပါတယ်။ ဒီကာလမှာ၊ ကိုဗစ် - ၁၉ ရောဂါ ပဲဖြစ်ဖြစ် ပေါ့လေ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သပိတ်တွေမှာလည်း အမြဲတမ်းပြောပါတယ်။ MASK တွေကို စနစ်တကျ တပ်ဆင်ကြတယ်။ နောက်သပိတ်တွေကာလမှာတောင်မှ ပြည်သူလူထုကို MASK ဝေတာမျိုးတွေ၊ HAND GEL ဝေတာတွေ၊ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ အသိပညာမျှဝေတာမျိုးတွေ  တတ်နိုင်သမျှ ဆောင်ရွက်တယ်။ ကိုယ်ကိုယ်တိုင်မက ကိုယ်နဲ့အတူနေတဲ့ ရဲဘော်ရဲဘက်တွေ၊ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုလည်း တတ်နိုင်သမျှ ဂရုစိုက်ကြဖို့ စောင့်ရှောက်ဖို့ ကျနော်တို့ အမြဲတမ်း ဆောင်ရွက်ပါတယ်။ ပြောချင်တာကတော့ တော်လှန်ရေးရှေ့ဆက်နိုင်ဖို့ ကိုယ်ကိုယ်တိုင်က စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး တောင့်တင်းခိုင်မာဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်လည်း မကျိုးပဲ့ပါစေနဲ့။ မိမိရဲ့ ရုပ်ကျန်းမာရေးနဲ့ မကျိုးပဲ့ပါစေနဲ့။ မိမိတို့အင်အားစုတွေရဲ့ စုဖွဲ့မှုလည်း မကျိုးပဲ့ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ ကျနော်တို့အားလုံး ဒီတော်လှန်ရေးကို ခရီးဆက်ဖို့၊ ဒီတော်လှန်ရေးအောင်မြင်ဖို့ တဦးချင်း တယောက်ချင်းစီ ပါဝင်ထည့်ဝင်မှုက အသက်တမျှ အရေးကြီးပါတယ်။ ကျနော်တို့ ကျန်းကျမ်းမာမာနဲ့ တော်လှန်ရေးကို  ရှေ့ဆက်သွားကြဖို့ အင်မတန် လိုအပ်ပါတယ်ခင်ဗျာ။ ”

မေး။ နောက်ဆုံးအနေနဲ့ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ဆရာ ဘယ်လောက်အတိုင်းအတာအထိ မျှော်လင့်ထားပါလဲရှင်။

ဖြေ။ “ ဒီတော်လှန်ရေးက ကျနော်တို့ ပြောသလိုပဲပေါ့။ ကျနော်တို့ ယုံကြည်ချက်က အဆုံးသတ်တိုက်ပွဲ၊ အဆုံးသတ်တိုက်ပွဲဆိုတာဘာလဲ၊ ကျနော်တို့ ၁၉၄၈ လွတ်လပ်ရေးရခဲ့တယ်ဗျာ။ ကျနော်တို့ မျှော်လင့်သလို လွတ်လပ်ရေးတော့ရတယ်။ သို့သော် တကယ်တမ်း ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံသဘောတူစာချုပ်မှာပါခဲ့တဲ့ခေါင်းဆောင်ကြီးရဲ့မျှော်လင့်ချက်တွေ ဖြစ်လာလား။ မဖြစ်ခဲ့ဘူး။ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။ ဒီတိုင်းပြည်ကို ဘာစနစ်နဲ့တည်ဆောက်မယ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ၊ ဒါတွေအများကြီးပါတယ်။  မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မြန်မာနိုင်ငံကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့  ကတိကဝတ်တွေ ပင်လုံစာချုပ်မှာပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် ဒီလိုမျိုး ကတိတွေ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ခေါင်းဆောင်ကြီးတွေ မျှော်လင့်ခဲ့တဲ့ နိုင်ငံတော်သစ်တရပ်ကို မတည်ဆောက်နိုင်ခဲ့ဘူးဗျာ။ အဲဒီနောက်မှာ အဆိုးဆုံးကတော့ မြန်မာစစ်တပ်က နိုင်ငံရေးမှာ တောက်လျှောက်ပါလာတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုင်းပြည်ကြီးက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအထိ ကျဆင်းသွားတယ်။ အဲတော့ အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ကျနော်တို့က ကျနော်တို့ အားလုံး လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေအပါအဝင် ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက် မျှော်လင့်ခဲ့တဲ့ တိုင်းသစ် ပြည်သစ် စနစ်သစ်ကို ဒီနွေဦးအောင်ပွဲကနေ ကျနော်တို့ အမိအရ တည်ဆောက်မှာ။ အဲဒါ ဘာလဲဆိုရင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာကို အပြည့်အဝ တန်ဖိုးထားလက်ခံတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ အဲတော့ ဒီစနစ်သစ် နိုင်ငံတော်သစ်ကို နွေဦးအောင်ပွဲမှာ ကျနော်တို့က သေချာပေါက်တည်ဆောက်မှာ။ အဲတော့ ကျနော်တို့တွေသည် ဒီနိုင်ငံမှာ စစ်အာဏာသိမ်းတယ်ဆိုတာကို တော်လှန်ရတဲ့မျိုးဆက်သည် ကျနော်တို့ မျိုးဆက်နောက် ဆုံးဖြစ်ရမယ်။ ဒါ ကျနော်တို့ရဲမျှော်လင့်ချက်၊ ဒီအတွက်လည်း အပြည့်အဝ ၁၀၀ ရာခိုင်နှုန်းလည်း ကျနော်တို့ ယုံကြည်တယ်ဗျာ။”

“လက်ရှိဖြတ်သန်းခဲ့တဲ့ ၆ လကျော် ဖြတ်သန်းခဲ့တဲ့ ခွန်အားတွေ၊ စုစည်းမှုတွေနဲ့ ကျနော်တို့ ဆက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ ဘုံရန်သူ အကြမ်းဖက် စစ်ကောင်စီ သေချာပေါက် ပြုတ်ကျရမှာဖြစ်တယ်။ ဖြုတ်ချနိုင်မှာဖြစ်တယ်။ ကျနော်တို့ ရှေ့ဆိုရိုးစကားရှိပါတယ်။ ပြည်တင်းရင် မင်းမခံနိုင်ပါဘူး။ ကျနော်တို့ ပြည်သူလူထုအားလုံး စုစုစည်းစည်းနဲ့ တော်လှန်ကြမယ်ဆိုရင် မခံနိုင်ပါဘူး။ အခုဟာကဗျာ စစ်ကောင်စီဆိုတာ မင်း၊ ဘုရင်တောင်မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုက လေးစားအသိအမှတ်ပြုတဲ့ မင်းလည်းမဟုတ်ဘူး။ သူသည် သေနတ်ရှိလို့ သေနတ်အားကိုးပြီး အာဏာကို သိမ်းပိုက်ထားတဲ့ အဓမ္မ စစ်ကောင်စီပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုရဲ့ စုစည်းညီညွတ်မှုနဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးတော်လှန်နိုင်မယ်။ ကျနော်တို့ ‌မျှော်ရည်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ဒီတော်လှန်ရေးအောင်ပွဲကနေ အမိအရ ကျနော်တို့ တည်ဆောက်နိုင်မယ်လို့ ကျနော်တို့က ယုံလည်းယုံကြည်တယ်။ မျှော်လည်းမျှော်လင့်တယ်။ ဒီယုံကြည်ချက် ဒီစိတ်ဓာတ်နဲ့ပဲ ကျနော်တို့ ဒီတော်လှန်ရေးကို ရှေ့ဆက်သွားနေတာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024