ကိုဗစ်လူနာတွေမှာ အိပ်ရာထဲလှဲနေတာများလို့ရော၊ ရောဂါကိုယ်တိုင်က ဆဲလ်တွေကို ရောင်ရမ်းစေလို့ရော ခြေထောက်သွေးပြန်ကြော တွေမှာ သွေးခဲပိတ်တတ်ပါတယ်။ ဒီသွေးခဲတွေက ပြုတ်ထွက်သွားလို့ အခန့်မသင့်ရင် အဆုတ်သွေးကြောမှာ ပိတ်ပြီး အသက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ကိုဗစ်ဖြစ်ပြီး နာလန်ထလာတဲ့ လူတွေရုတ်တရက်လဲကျသေဆုံးသွားတယ်ဆိုတာ ဒါကြောင့်လည်း ပါပါတယ်။
ဆရာဝန်တွေ အနေနဲ့ လူနာက သွေးခဲနိုင်တဲ့ အနေအထားဆိုရင် သွေးကျဲဆေးတွေ ထိုးပေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ လူနာက ထိုးလို့မရတဲ့ အခြေအနေမို့လို့၊ ထိုးရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလို့၊ ဆေးဝယ်ဖို့ မတတ်နိုင်လို့ မထိုးရတာမျိုး ရှိပါတယ်။ ဒီလိုဆိုရင်တော့ အောက်က နည်းလမ်းတွေနဲ့ ကာကွယ်ဖို့ အကြံပေးပါရစေ။
ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့
ဆွဲသားခြေအိတ် ဝတ်ပါ။
အမြင်မှာ မြင်နေကျ ဆွဲသားခြေအိတ် မဟုတ်ပါဘူး။ သွေးခဲတာကို ကာကွယ်ဖို့ ထုတ်ထားတဲ့ ခြေအိတ်ပါ။ Compression stockings လို့ ခေါ်ပါတယ်။ ဒီခြေအိတ်တွေက
-သွေးကြောက သွေးတွေကို နှလုံးဆီ သက်သောင့်သက်သာ ပြန်ရောက်စေတယ်။
–ခြေထောက်သွေးကျတာ၊ သွေးခဲတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီခြေအိတ်တွေက ခြေမျက်စိထိ ကျပ်နေပြီး အဲ့ဒီအပေါ်ကို ရောက်ရင်တော့ ချောင်သွားပါတယ်။ ခြေအိတ်က ခြေသလုံးကို ညှစ်ပေးထားသလို ဖြစ်စေပါတယ်။ ခြေအိတ်အများစုက ဒူးခေါင်းအောက်ထိပဲ ဝတ်ရတာ ဖြစ်ပြီး တချို့ကတော့ ပေါင်ရင်းထိ ဝတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ခြေအိတ်ဝတ်တဲ့အခါ ကျပ်ထုတ်နေတာမျိုး မဟုတ်ဘဲ ခပ်တင်းတင်းလေး ဖြစ်နေတာမျိုးကသာ အနေအထားအမှန် ဖြစ်ပါတယ်။
ဒီခြေအိတ်တွေက ရေချိုးတဲ့အချိန်က လွဲပြီး အမြဲဝတ်ထားရမှာ ဖြစ်ပါတယ်။ ဒီခြေအိတ်ဝတ်ပြီး လှုပ်ရှားသွားလာလို့ရပါတယ်။ ဘယ်လောက်ကြာကြာ ဝတ်ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
လေ့ကျင့်ခန်း လုပ်ပါ။
ဒီလေ့ကျင့်ခန်းတွေက ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မဟုတ်တာကြောင့် လူတိုင်း လုပ်လို့ ရပါတယ်။ မလုပ်ခင်မှာ ခြေထောက်မှာ သွေးကြောပိတ်တဲ့ လက္ခဏာတွေ ရှိမရှိ အရင်စစ်ဆေးပါ။ သွေးခဲပြီးသားကို လေ့ကျင့်ခန်း လုပ်လိုက်မှ ပြုတ်ထွက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
သွေးပြန်ကြော သွေးခဲတဲ့ လက္ခဏာတွေကတော့
- သွေးခဲပိတ်တဲ့ ခြေထောက်က ရောင်နေတာ
- နာတာ
- အထိမခံနိုင်တာ
- အရေပြားနီနေတာပဲ ဖြစ်ပါတယ်။
- တစ်ခါတလေ ဘာလက္ခဏာမှ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း အကောင်းကြီးကနေ ရုတ်တရက် ဆုံးသွားတယ်ဆိုတာမျိုး ဖြစ်လာတာပါ။
လေ့ကျင့်ခန်းကတော့ လူနာအခြေအနေပေါ်ကြည့်ပြီး လုပ်ပေးပါ။ လူနာက ထရပ်လိုက်တာနဲ့ အောက်စီဂျင် ကျသလား၊ ထိုင်ရော ထိုင်နိုင်ရဲ့လား စတာတွေကို စစ်ဆေးပါ။ မတ်တပ်ရပ်ရင်း၊ ထိုင်ရင်း၊ လှဲရင်း လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အားလုံးပြောပြပေးပါ့မယ်။
- မတ်တပ်ရပ်ရင်း လုပ်နည်း
မတ်တပ်တောင်ရပ်နိုင်တယ်ဆိုရင်တော့ ထူးထူးထွေထွေလေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လမ်းသာလျှောက်ပေးပါ။ အဝေးကြီး မဟုတ်တောင် တစ်ခါလျှောက်ရင် ခြေလှမ်း ၁၀လှမ်းလောက်နဲ့ ခဏခဏ လျှောက်ပေးပါ။ မတ်တပ်ရင်း ခြေဖျားထောက်လိုက် ချလိုက်လည်း လုပ်ပေးနိုင်ပါတယ်။ လူကြီးတွေ ချော်မလဲအောင် ဘေးကအမှီနဲ့ လုပ်ပေးပါ။
- ထိုင်ရင်း လုပ်နည်း
မတ်တပ်မရပ်နိုင်ဘူး၊ လမ်းမလျှောက်နိုင်ဘူးဆို ထိုင်ရင်းလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ တစ်ခါလုပ်ရင် ၅ခါနဲ့ နာရီဝက်-၁နာရီခြား တစ်ခါ လုပ်ပေးပါ။ တစ်နေ့ကို ၁၀ကြိမ်လောက် လုပ်ပါ။
-ခုံမှာဖြစ်ဖြစ်၊ ကုတင်မှာ ဖြစ်ဖြစ် ထိုင်ပြီး ခြေဖဝါးကို ကြမ်းပြင်မှာ ပြားလိုက်ချထားပါ။ ပြီးရင် ခြေသလုံးတောင့်သွားတဲ့အထိ ခြေချောင်းတွေကို ကော့ပေးပါ။ ခဏလောက် တောင့်ထားပါ။ ပြီးရင် ခြေချောင်းတွေကို အောက်ကို နိမ့်ပြီး ထိုင်လျက် ခြေဖျားထောက်ထားပါ။ ခဏတောင့်ထားပါ။ ပြန်လျှော့ပါ။ ၅ခါလုပ်ပါ။
-ကြမ်းပြင်ကနေ ခြေထောက်လေး နည်းနည်းကြွပြီး ခြေကျင်းဝတ်ကို စက်ဝိုင်းပုံ လှည့်ပေးပါ။ ဘယ်ပြန် ညာပြန် လှည့်ပေးပါ။ ၅ခါပြည့်အောင် လုပ်ပါ။
-ထိုင်လျက်ကနေ ခြေထောက်ကို ရှေ့ထုတ်ပြီး ဆန့်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း မြှောက်ပါ။ ခဏတောင့်ထားပါ။ ပြန်ချပါ။ ဘယ်ညာ ၅ခါစီ လုပ်ပေးပါ။ ခြေထောက်ကို မြှောက်လို့ မနိုင်ရင် ထိုင်လျက်ကနေ ဒူးကွေးပြီး ရင်ဘတ်ဆီကို ဖြည်းဖြည်းချင်း ကပ်ပါ။ ခဏတောင့်ထားပြီး ပြန်ချပါ။ ဘယ်ညာလုပ်ပေးပါ။ မြှောက်တဲ့အချိန်မှာ ခါးမကုန်းပါနဲ့။ နိုင်သလောက်ပဲ မြှောက်ပါ။
- လှဲနေရင်း လုပ်နည်း
လူနာက လှဲပဲနေရတယ်ဆိုလည်း မစိုးရိမ်ပါနဲ့။ အောက်က လေ့ကျင့်ခန်းကို ဆက်လုပ်ပါ။
-ခြေထောက်ကို ဆန့်နေအောင် ထားပါ။ ပြီးရင် ခြေသလုံးတောင့်သွားတဲ့အထိ ခြေချောင်းတွေကို ကော့ပေးပါ။ ခဏလောက် တောင့်ထားပါ။ ပြန်လျှော့ပါ။ ခြေချောင်းတွေကို ခြေသလုံးတင်းလာတဲ့အထိ အောက်နိမ့်ချပါ။ ပြန်လျှော့ပါ။ ၅ခါလုပ်ပေးပါ။
-လှဲလျက်ကနေ ခြေထောက်ကို ၉၀ဒီဂရီဖြစ်အောင် မြှောက်ပါ။ လူနာမမြှောက်နိုင်ရင် ဘေးက ကူပေးပါ။ ကြွက်သားတွေ တင်းနေရင် နိုင်သလောက် မြှောက်ပေးပါ။ မြှောက်လျက်အနေအထားနဲ့ စက္ကန့်၃၀လောက်နေပါ။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်ချပါ။ ဘယ်ညာ ၅ခါစီ လုပ်ပေးပါ။
-ဒါကို မလုပ်နိုင်ရင် နောက်တစ်နည်း ရှိပါတယ်။ လှဲပြီး ခြေထောက်ဆန့်လျက် အနေကနေ ဒူးထောင်လိုက်ပါ။ ဒူးတစ်ဖက်ကို ရင်ဘတ်ဆီ တွန်းတင်ပါ။ ၁၅စက္ကန့် တောင့်ထားပါ။ ပြန်လျှော့ပါ။ နောက်တစ်ဖက် ထပ်လုပ်ပါ။ ၅ခါစီ လုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းတွေက အကြောင်းကြောင်းကြောင့် သွေးကျဲဆေး မထိုးရတဲ့ လူနာတွေမှာ အများကြီး အသုံးဝင်ပါတယ်။ သွေးကျဲဆေးထိုးထားတဲ့ လူနာတွေ၊ ရိုးရိုးလူနာတွေလည်း လုပ်လို့ရပါတယ်။ အကျိုးမယုတ်ပါဘူး။ အသက်ကြီးတဲ့ လူနာတွေဆို အကြောတင်းတာကြောင့် စစချင်းမှာ နာလို့ မလုပ်ချင်ဘူးလို့ ဂျီကျပါလိမ့်မယ်။ နောက်ရက်တွေကျရင် အကြောတင်းတာ သက်သာလို့ အဆင်ပြေသွားပါလိမ့်မယ်။ သွေးခဲပိတ်ရင် အန္တရာယ်ရှိတာကြောင့် လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဖို့ လိုပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win | ရေးသားသူ Dr. Htet Htet Zaw Win ဖြစ်ပြီး hellosayarwon အင်တာနက်စာမျက်နှာမှ ပြန်လည်ဖော်ပြသည်