စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်နဲ့ ဒီပဲယင်းနယ် ကျေးရွာအချို့က လယ်သမားတွေဟာ စစ်ကောင်စီ တပ်တွေ တပ်စွဲပြီး ရွာအတွင်း ဝင်ရောက်ဖမ်းဆီးပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ ရွာမှာ တပ်စွဲထားတာကြောင့် လယ်သမားရော၊ အလုပ်သမားရော အခုချိန်အထိ ရွာကို မပြန်နိုင်ကြသေးဘူးလို့ ရွှေဘိုမြို့နယ်၊ ပလိုင်းဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။
“ရွာရှိ လူဦးရေရဲ့ သုံးပုံတပုံပဲ ပြန်ကပ်နိုင်သေးတာ။ တချို့လည်း အလုပ်သမားကို အဝေးကလှမ်းခိုင်းရတာပေါ့၊ တချို့လည်း ဆွေမျိုးသားချင်းကို လွှဲထားခဲ့ရတာ။ ရွာက NLD ထောက်ခံသူ ၅ ဦးလောက်ဆိုရင် စစ်တပ်က စပါးစိုက်ခွင့်မပြုလို့ အခုချိန်အထိ စပါးစိုက်ဖို့ မပြင်ဆင်နိုင်သေးဘူး။ အငှားလုပ်တဲ့သူကလည်း လုပ်မပေးရဲကြဘူး။ တောင်သူတွေအတွက်တော့ အများကြီး အခက်အခဲဖြစ်တာပေါ့၊ တိမ်းရှောင်နေရတာနဲ့ အလုပ်လုပ်ချိန်မရဘူး။ သူတို့က မထင်ရင်မထင်သလိုပစ်သတ်နေတော့ ကြောက်ရတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးပစ်ခတ်နေတာတွေကြောင့် ဒီပဲယင်းနယ်က ကြည်ရွာ၊ မဲအိုး၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်လှ၊ သရက်တော၊ ဝဲကြီး စတဲ့ကျေးရွာတွေအပြင် ရွှေဘိုနယ်က ပလိုင်း၊ ကွန်ဆိပ် စတဲ့ ကျေးရွာ ၂၀ လောက် လယ်ယာစိုက်ပျိုးရေးကို မလုပ်နိုင်ကြဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။