စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ ရွာသားတွေရဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူ ၁၀ ဦးလောက်ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၇ ရက်နေ့ညက ဒီပဲယင်းမြို့နယ် ဘုရားထွက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ဒီနေ့မနက်ပိုင်း မြို့နယ်အတွင်း ဝင်ရောက်ရှာစစ်ဆေး ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ညောင်လှကျေးရွာသားတစ်ဦးက “ကျနော်တို့ဆိုင်ကယ်တွေကို စစ်ကောင်စီစစ်သားတွေက အကြောင်းမဲ့ မီးရှို့ကြတာ။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်ပေးနေကြတဲ့သူတွေရဲ့ ဆိုင်ကယ်တွေရော၊ ရေဦးမြို့ကနေ ဈေးသွားဝယ်ပြီးပြန်လာတဲ့ သူတွေရဲ့ ဆိုင်ကယ်တွေရော အကုန်ဖမ်းပြီး မီးရှို့တာ။ ကျနော်သိရသလောက်တော့ ၆ စီးကျော်မယ်ဗျ။”
ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခု ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ညောင်လှဒေသခံ ၈ ဦးနဲ့ ဝဲကြီးရွာက ပြည်သူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်၊ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။”